spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းလက်နက်ကိုင် တိုင်းရင်းသားအားလုံး တူညီသည့်ရပ်တည်ရေး UNFC ကြိုးပမ်းမည်

    လက်နက်ကိုင် တိုင်းရင်းသားအားလုံး တူညီသည့်ရပ်တည်ရေး UNFC ကြိုးပမ်းမည်

    -

    ခတ္တာနန်း – ယခုလ ၇ – ၉ ရက်နေ့ အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ အစည်းအဝေးတွင် လာမည့်နိုဝင်ဘာလအတွင်း အစိုးရပြုလုပ်မည့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲတွင် UNFC အဖွဲ့ဝင်များနှင့် အဖွဲ့ဝင်မဟုတ်သည့် လက်နက်ကိုင်တိုင်းရင်းသားအားလုံး တူညီစွာရပ်တည်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ ကပြောသည်။

    UNFC ခေါင်းဆောင်များ(UNFC)
    UNFC ခေါင်းဆောင်များ(UNFC)
    နိုင်ဟံသာက “ အစိုးရကနေ ကြေညာထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ္စမှာ တိုင်းရင်းသားအားလုံး ဘယ်လိုပုံစံနဲ့ ရပ်တည်သွားကြဖို့အတွက်ကို အဓိကဆွေးနွေးဖြစ်ကြပါတယ်” ဟု ပြောသည်။

    ထို့အပြင် အစိုးရနှင့် ဆွေးနွေးသင့်သော Frame Work မူဘောင်အချက်အလက်များနှင့် UNFC အဖွဲ့အစည်း၏ အခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း အဓိထား ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

    ဆက်လက်၍ “ အခုဆိုရင် Frame Work ကိုလည်း ပြင်ပြီးပြီး၊ တစ်နိုင်ငံလုံးအတိုင်းအတာ ဆွေးနွေးဖို့အတွက် ကိုလည်း ပြင်ဆင်ပြီးပြီး၊ UNFC အနေနဲ့ အဖွဲ့ဝင်မဟုတ်တဲ့ လက်နက်ကိုင်တိုင်းရင်းသား တွေနဲ့ ပြန်ပြီး ဆွေးနွေးဖို့ပဲ လိုတော့တယ်” ဟု နိုင်ဟံသာက ဆက်ပြောသည်။

    UNFC ၏ ၃ ရက်တာဆွေးနွေးပွဲအတွင်း အဓိကဆုံးဖြတ်ချက်ချမှတ်ခဲ့ရာ၌ UNFC အဖွဲ့ဝင် အနေဖြင့် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးတွင် တိုင်းရင်းသားအားလုံးတန်းတူစွာရပ်တည်နိုင်ရေးနှင့် ဆွေးနွေးပွဲအတွက်တိကျသည့် Frame Work မူဘောင်တစ်ခုကိုလည်း ရေးဆွဲပြီးဟု သူကဆက်ပြောသည်။

    UNFC သည် မနက်ဖြန်တွင် UNFC အဖွဲ့ဝင်မဟုတ်သော ကျန်လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ချင်းမိုင်မြို့၌ ဆွေးနွေးပွဲကျင်းပရန် စီစဉ်ထားပြီဟု သိရသည်။

    မြန်မာအစိုးရသည် လာမည့် နိုဝင်ဘာလတွင် တိုင်းရင်းသားများ တောင်းဆိုနေသည့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ဆောင်ရွက်နိုင်ရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲပြုလုပ်ရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။

    ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်၊ မြစ်ကြီးနာမြို့တွင် ကျင်းပလျှက်ရှိသည့် အစိုးရနှင့် KIO တို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အစိုးရ၏ ငြိမ်ချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒု-ဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက “တပြည်လုံးအတိုင်းအတာ အပစ်ခတ်ရပ်စဲရေး လုပ်တာဟာ နိုင်ငံရေး ဆွေးနွေးပွဲလုပ်နိုင်ဖို့အတွက် ဒါဟာ လမ်းစပါပဲ၊ နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့အတွကို နိုင်ငံတော်အစိုးရကနေပြီး လုပ်ပါ့မယ်ဆိုတာကို ကတိပြုထားပါတယ်” ဟု ပြောခဲ့သည်။

    ထို့အပြင် ဦးအောင်မင်းက နိုင်ငံရေးဆွေးနွေးပွဲတွင် တိုင်းရင်းသားများတောင်းဆိုနေသည့် တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြဌာန်းခွင့်ရရှိရေး၊ ပြည်ထောင်စုအခြေခံဥပဒေပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးကိစ္စရပ်များကို ထိုနိုင်ငံရေးဆွေးနွေးပွဲတွင် ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ပြောသည်။

    မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့အစည်း ၁၉ ဖွဲ့ရှိသည့်အနက် UNFC အဖွဲ့တွင် ၁၁ ဖွဲ့ပါဝင်လျှက်ရှိရာ အစိုးရနှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့၊ အပစ်ရပ်စဲရေးအတွက် ဆွေးနွေးဆဲအဖွဲ့ ၂ ဖွဲ့နှင့် အစိုးရနှင့် ဆွေးနွေးမှု မရှိသေးသည့် အဖွဲ့ ၃ ဖွဲ့တို့ ပါဝင်သည်။

    လက်ရှိတွင် မြန်မာအစိုးရနှင့် အပစ်ရပ်စဲရေးလက်မှတ်ရေးထိုးထားသော လက်နက်ကိုင်တပ်ဖွဲ့ ၁၄ ဖွဲ့ရှိသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်ခတ်ရပ်စဲရေးတွင် လက်မှတ်ရေးထိုးမည်ဟု မည်သည့်အဖွဲ့အစည်းမှ တရားဝင်ထုတ်ဖေါ်ပြောကြားခြင်း မရှိသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks