spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်း၂၀၁၄ နှစ်ဆန်းပိုင်းတွင် မွန်အမျိုးသားညီလာခံတစ်ရပ်ကျင်းပမည်

    ၂၀၁၄ နှစ်ဆန်းပိုင်းတွင် မွန်အမျိုးသားညီလာခံတစ်ရပ်ကျင်းပမည်

    -

    ခတ္တာနန်း – ယခုရက်ပိုင်းအတွင်းကျင်းပခဲ့ပြီးစီးခဲ့သည့် မွန်အမျိုးသားကွန်ဖရင့် (၂၀၁၃) ၏ ဆုံးဖြတ်ချက်များတွင် လာမည့် ၂၀၁၄ ဇန်နာဝါရီလအတွင်း မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုသည့် မွန်တိုင်းရင်းသားညီလာခံ (Mon National Convention) တစ်ရပ် ကျင်းပသွားမည်ဟု ကွန်ဖရင့်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

    မွန်အမျိုးသားကွန်ဖရင့် (၂၀၁၃) အမှတ်တရဓါတ်ပုံ
    မွန်အမျိုးသားကွန်ဖရင့် (၂၀၁၃) အမှတ်တရဓါတ်ပုံ
    ဒေါက်တာ မင်းကြည်ဝင်းက “ ဒီနှစ်ကုန်ပိုင်းမှာ ညီလာခံကြီးလုပ်ဖို့စီစဉ်ထားပေမယ့် အချိန်မလောက်တာနဲ့ ၂၀၁၄ နှစ်ဆန်းပိုင်းမှာ လုပ်ဖို့ဆုံးဖြတ်လိုက်တာပါ၊ အစည်းအဝေး ၃ ရက်ပြီးဆုံးသွားတဲ့အချိန်မှာ ကျနော်တို့ အချက် ၅ ချက်ကို ချမှတ်နိုင်ခဲ့တယ်” ဟု ပြောသည်။

    မွန်တိုင်းရင်းသားကွန်ဖရင့်၏ဆုံးဖြတ်ချက်များမှာ (၁) မွန်တစ်မျိုးသားလုံးကိုယ်စားပြုမည့် မွန်အမျိုးသား ညီလာခံကြီးတစ်ရပ်ကို လာမည့် ၂၀၁၄ ခုနှစ် ဇန်နာဝါရီလတွင်ကျင်းပသွားရန် (၂) မွန်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးကို တည်ဆောက်သွားရန်၊ (၃) အဓွန့်ရှည်သည် ပြည်ထောင်စုတွင်ငြိမ်းချမ်းရေး ဖော်ဆောင်သွားရန်၊ (က) တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို ရှင်းလင်းစွာကြေညာပေးရန်၊ (ခ) ပင်လုံကဲ့သို့သော တိုင်းရင်းသားကိုယ်စားလှယ်များပါဝင်သည့် ညီလာခံတစ်ရပ်အမြန်ဆုံး ကျင်းပသွားရန်၊ (၄) စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရန်အတွက် ၂၀ဝ၈ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင် ရေးသားရန် (သို့မဟုတ်) အသစ်ရေးဆွဲရန်၊ (၅) မွန်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ဝိုင်းဝန်လုပ်ဆောင်သွားကြရန် ဖြစ်သည်။

    “အစည်းအဝေးမှာ စာတမ်း ၈ ဆောင်ကို တင်ပြခဲ့ကြတယ်၊ စာတမ်းတိုင်းအတွက်ဝင်ရောက်ဆွေးနွေးတာ ၁၀ ယောက် ဝန်းကျင်လောက်ပဲ အချိန်ပေးနိုင်ခဲ့တယ်” ဟု ဒေါက်တာ မင်းကြည်ဝင်းက ဆက်ပြောသည်။

    ထို့အတူ ယခုကွန်ဖရင့်သည်အချိန်အကန့်အသတ်ရှိခြင်းကြောင့် ကဏ္ဍအလိုက်ကျယ်ကျယ်ပြန့်ပြန့် မဆွေးနွေးနိုင်ခဲ့ကြောင်း ဒေါက်တာမင်းကြည်ဝင်းက ဆက်ပြောသည်။

    တင်ပြခဲ့သည့်စာတမ်းများမှာ မွန်စာပေယဉ်ကျေးမှု၏ အနာဂတ်ခရီး၊ အနာဂတ်ပညာရေး ရင်နှီးမြှပ်နှံမှု မဟာဗျူဟာ၊ မွန်အမျိုးသားညီလာခံ ကျင်းပရေး၊ ရေရှည်တည်တံ့မည့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး၊ မွန်တမျိုးသားလုံး စည်းလုံးညီညွတ်ခြင်း၏ အင်အားစုတစ်ရပ်၊ တည်ငြိမ်အေးချမ်းသာယာတိုးတက်သော နိုင်ငံတော်သို့၊ မွန်လူမျိုးတို့၏ မဟာဗျူဟာ နှင့် မွန်နှစ်ပါတီပေါင်းစည်းရေးအဖွဲ့ အစီရင်ခံစာများ ဖြစ်ကြောင်းသိရသည်။

    ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က “ကျနော်ကိုယ်တိုင်လည်း မွန်အမျိုးသားတစ်ယောက် ဖြစ်နေတယ်၊ မွန်အမျိုးသားတွေရဲ့သမိုင်းတွေအမှန်အတိုင်း ပြန်ပြီးဖော်ထုတ်ခွင့်ရတဲ့အတွက် လူမျိုးတိုင်းဟာ မိမိတို့ရဲ့ ကြီးမြတ်တဲ့ သမိုင်းကြောင်းတွေကို သိခွင့်ရမယ်၊ ပြီးတဲ့အခါကျရင် သမိုင်းအသစ်၊ အကောင်းတွေကို ရေးနိုင်တဲ့လူမျိုးတွေဖြစ်ဖို့ တိုက်တွန်းပါတယ်” ဟု ကွန်ဖရင့်တွင် မိန့်ခွန်းပြောကြားခဲ့သည်။

    စက်တင်ဘာလ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ သုံးရက်ကြာကျင်းပပြုလုပ်ခဲ့သည့်မွန်အမျိုးသားကွန်ဖရင့်၌ သဘာပတိများအဖြစ် မွန်ပြည်သစ်ပါတီဥက္ကဌနိုင်ထောမွန်၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိန်း၊ မွန်ဒီမိုကရေစီပါတီ ဒုဥက္ကဌနိုင်တင်အောင်တို့က အလှည့်ကျဆောင်ရွက်ခဲ့ကြသည်။

    ယင်းကွန်ဖရင့်သို့ မွန်နိုင်ငံရေးခေါင်ဆောင်များ၊ အထင်ကရ မွန်သံဃာတော်များ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင်များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်သစ်ပါတီအဖွဲ့ဝင်များ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီ၊ မွန်အမျိုးသမီးအဖွဲ့အစည်းများ၊ မွန်လူမှုအခြေပြုအဖွဲ့အစည်းများ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ ထိုင်းနိုင်ငံဖွားမွန်များ၊ နိုင်ငံတကာရောက်မွန်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ လေ့လာသူများနှင့် ဧည့်သည်တော်များအပါအဝင် တက်ရောက်သူ ၄၀ဝ ခန့် ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks