Tuesday, March 10, 2026
More
    spot_img
    Homeသတင်းဆင်ခြေထောက်ရောဂါ ပညာပေး ဒေသခံများ စိတ်ဝင်စားမှုမရှိ

    ဆင်ခြေထောက်ရောဂါ ပညာပေး ဒေသခံများ စိတ်ဝင်စားမှုမရှိ

    -

    မင်းလုံး – ကျန်းမာရေးဦးစီးဌာနကဦးစီးပြီး ဆင်ခြေထောက်ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောပွဲများ ပြုလုပ်နေသော်လည်း ဒေသခံများစိတ်ဝင်စားမှုနည်းပါးခြင်းကြောင့် ကာကွယ်ဆေးနှင့်ပတ်သက်ပြီး ကောလဟာလသတင်းများ ထွက်ပေါ်နေသည်။

    ဆင်ခြေထောက်ရောဂါဖြစ်နေသူ(ဓာတ်ပုံ – ဂျေပိုင်/ ဧရာဝတီ)
    ဆင်ခြေထောက်ရောဂါဖြစ်နေသူ(ဓာတ်ပုံ – ဂျေပိုင်/ ဧရာဝတီ)
    ယင်းရောဂါကာကွယ်ဆေးသည် အနည်းငယ်မူးဝေစေတတ်ပြီး လူ့အသက်အန္တရယ်ဆိုးကျိုးများပေးနိုင်စွမ်း မရှိကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပွဲများပြုလုပ်ခဲ့သော်လည်း တက်ရောက်နားထောင်သူနည်းပါးကြောင်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာပုည ကပြောသည်။

    သူက “ကာကွယ်ဆေးကိုတစ်ကြိမ်ပဲသောက်ရတာပါ၊ ဘာမှတော့အန္တရယ်မရှိပါဘူး၊ ကျနော်တို့လည်းဟော ပြောပွဲတွေလုပ်ပါတယ်၊ လူတွေကစိတ်မဝင်စားတော့ လာပြီးနားမထောင်ကြဘူးလေ၊ တချို့တွေကတော့ဆေး သောက်ပြီး သုံးလအတွင်းသေမယ်လို့ပြောနေကြတယ်၊ ကောလဟာလတွေက တော်တော်ခက်တယ်” ဟု ပြောသည်။

    မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ယင်းကာကွယ်ဆေးနှင့်ပတ်သက်သည့် ကောလဟာလ မမှန်သတင်းများပြန့်နှံ့နေသည့်အတွက် ဆေးတိုက်ကျွေးမည့်အဖွဲ့များ အခက်အခဲဖြစ်နေရကြောင်း သိရသည်။

    ကူးစက်မှုရှိနိုင်မည့် ဒေသများတွင် နေထိုင်သူအားလုံးကို ဆေးတိုက်ကျွေးခြင်းဖြစ်ပြီး အသက် ၂ နှစ်အောက် ကလေး၊ ကိုယ်ဝန်ဆောင်၊ နှလုံး၊ သွေးတိုး၊ ဆီးချို၊ အသည်း၊ ကျောက်ကပ်၊ ပန်းနာ၊ ရောဂါတစ်ခုခုကြောင့် အိပ်ရာထဲလဲနေသူနှင့် ဆေးသောက်နေရသူများကလွဲ၍ ကာကွယ်ဆေးတိုက်ကျွေးနိုင်သည်ဟု ဆိုသည်။

    အစားအစာတစ်ခုခုစားပြီးမှ ဆေးသောက်ရမည်ဖြစ်ရာ ဆေးသောက်ပြီး လှုပ်ရှားမှုများလျှင် အနည်းငယ်မူးဝေအော့အန်ခြင်း ဖြစ်ပေါ်နိုင်သဖြင့် ဆေးသောက်ပြီးလျှင် အနားယူရမည်ဖြစ်သည်။

    ဒေါက်တာပုည က “ဆင်ခြေထောက်ရောဂါနဲ့ပတ်သက်ပြီး ဒေသခံတွေ ကိုယ့်ကိုယ်ကိုစိတ်မချယင်ဆေးရုံကိုလာပြီး ရောဂါလာစစ်လို့ရပါတယ်၊ အိပ်ပြီးငြိမ်နေတဲ့အချိန် ည ၁၁ နာရီလောက်မှာ သွေးဖေါက်ပြီးရောဂါပိုးကိုမြင်နိုင်တာကြောင့် ရောဂါစစ်ချင်ရင်တော့ ဆေးရုံမှာ တစ်ညအိပ်ရမယ်” ဟု ဆက်ပြောသည်။

    ဆင်ခြေထောက်ရောဂါစတင်ဖြစ်ပေါ်ချိန်တွင် ချမ်းတုန်၍ဖျားခြင်း၊ ခန္ဓာကိ်ုယ်တစ်နေရာတွင် နီရဲပူလောင်၍ယောင်ရမ်းနာကျင်ခြင်း၊ အဖြူရောင်ပျစ်ခ္ပွျဲသောဆီးသွားခြင်း၊ အကျိတ်များယောက်ရမ်းခြင်း၊ အင်ပြင်ထွက်ခြင်း၊ ပန်းနာရင်ကြပ်ရောဂါကဲ့သို့ရင်ကြပ်ခြင်း၊ အမျိုးသားလိင်အင်္ဂါကြီးထွားလာခြင်း စသည့်လက္ခဏာများပြ၍ ထိုမှတဆင့်ခြေထောက်တစ်ဖက် တဖြည်းဖြည်းဆင်ခြေထောက်ကဲ့သို့ ကြီးထွားလာခြင်း ဖြစ်သည်။

    ဆင်ခြေထောက်ရောဂါသည် သွေးကြောတွင်နေသော သန်ကောင်အမျိုးအစား ကပ်ပါးပိုးတစ်မျိုးဖြစ်ပြီး ရောဂါပိုးကို သယ်ဆောင်သော ကျုးလက်စ်ခြင်အမျိုးအစားများသည် ရေပုပ်ရေသိုးမြောင်းများ၊ မလုံခြုံသော အိမ်သာကျင်းများတွင် ပေါက်ပွားလေ့ရှိသည်။

    အဆိုပါကာကွယ်ဆေးသည် ဒီအီးစီဟုအမည်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး နှင့် ကရင်ပြည်နယ်တို့တွင် ပထမဆုံးအကြိမ်တိုက်ကျွေးခြင်းဖြစ်ကြောင်း သိရသည်။

    ဆင်ခြေထောက်ရောဂါသည် အရှေ့တောင်အာရှ ၉ နိုင်ငံတွင် ဖြစ်ပွားနေသဖြင့် ကာကွယ်ဆေးတိုက်ကျွေးနေရခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် စတုတ္ထအဆင့်ဖြစ်ပေါ်နေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks