spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းစာပေယဉ်ကျေးမှု အခွင့်အရေးဖြင့်သာ ဖြေသိမ့်မနေကြရန် မွန်အမျိုးသားကွန်ဖရင့် သဘာပတိပြော

    စာပေယဉ်ကျေးမှု အခွင့်အရေးဖြင့်သာ ဖြေသိမ့်မနေကြရန် မွန်အမျိုးသားကွန်ဖရင့် သဘာပတိပြော

    -

    မင်းသုတ – မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျင်းပဆဲ မွန်အမျိုးသားကွန်ဖရင့်(၂၀၁၃) ဖွင့်ပွဲ၌ ပထမနေ့သဘာပတိအဖြစ်ဆောင်ရွက်သော မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်က မွန်အမျိုးသားများအနေဖြင့် စာပေယဉ်ကျေးမှုအခွင့်အရေးဖြင့်သာ ဖြေသိမ့်မနေကြရန် အခမ်းအနားအဖွင့် မိန့်ခွန်းတွင် တိုက်တွန်းပြောကြားခဲ့သည်။

    “မိမိမွန်အမျိုးသားတို့ရဲ့ နိုင်ငံရေးရပိုင်ခွင့်တွေ နားလည်သိရှိဖို့လိုအပ်သလို အမျိုးသားအကျိုးစီးပွားတွေကို ထိခိုက်စေနိုင်တဲ့ အစွမ်းရောက်မှုတွေသတိထားရှောင်ကြဉ်ရပါမယ်၊ သမိုင်းကြောင်းအရ မိမိလူမျိုးသာ အမြတ်ဆုံးဆိုပြီး အခြားလူမျိုးတွေအပေါ်နှိမ့်ချတာတွေကို ဖယ်ရှားကြပါ” ဟုလည်း နိုင်ထောမွန်က ပြောသည်။

    ထို့အပြင် မိမိတို့၏ရိုးရာယဉ်ကျေးမှုအပေါ် အထင်ကြီးပြီး တပါးလူမျိုးအပေါ် အထင်အမြင်သေးခြင်းနှင့် အမျိုးသားရေးဆောင်ရွက်ရာတွင် ပုဂ္ဂိုလ်ရေးဦးစားပေးသည့်ချဉ်းကပ်မှုများအား ရှောင်ကြဉ်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

    မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်ခန်းမ၌ စက်တင်ဘာလ ၂၈ ရက်နေ့၊ နံနက် ၈ နာရီခွဲအချိန်တွင် မွန်အမျိုးသားကွန်ဖရင့်(၂၀၁၃) ဖွင့်ပွဲစတင်ကျင်းပခဲ့ရာ မွန်နိုင်ငံရေးခေါင်းဆောင်များ၊ အထင်ကရ မွန်သံဃာတော်များ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီ၊ မွန်လူမှုအခြေပြုအဖွဲ့အစည်းများ၊ နိုင်ငံတကာရောက် မွန်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်၊ လေ့လာသူနှင့် ဧည့်သည်တော်များအပါအဝင် တက်ရောက်သူ ၄၀ဝ ဦးခန့် ရှိသည်။

    ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လာမည့်အောက်တိုဘာလအတွင်း တစ်ပြည်လုံးအပစ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကျင်းပသည့်အခါ သက်ဆိုင်သည့်ပါတီအဖွဲ့အစည်းများ တက်ရောက်ရန် တိုက်တွန်းပြောဆိုခဲ့သည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်၏ မိန့်ခွန်းတွင်လည်း “ကျနော်ဝန်ကြီးချုပ်ဖြစ်တဲ့သက်တမ်းမှာ ဒီလိုမွန်အမျိုးသားကွန်ဖရင့် ကျင်းပနိုင်ခဲ့တာကို အလွန်ဝမ်းမြောက်ဂုဏ်ယူမိတယ်” ဟု ပြောသည်။

    ယခုကျင်းပသည့် မွန်အမျိုးသားကွန်ဖရင့်တွင် မွန်ပြည်သစ်ပါတီက “ရေရှည်တည်တံ့မည့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေး”၊ မွန်ဒီမိုကရေစီပါတီက “မွန်တမျိုးသားလုံး စည်းလုံးညီညွတ်ခြင်း၏ အင်အားစုတစ်ရပ်”၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက “တည်ငြိမ်အေးချမ်းသာယာ တိုးတက်သောနိုင်ငံတော်သို့” စာတမ်းများ အသီးသီးတင်ပြကြမည်ဟု ကျင်းပရေးကော်မတီထုတ်ပြန်ချက်အရ သိရသည်။

    ယခုညီလာခံကျင်းပပြီး ထွက်ပေါ်လာမည့်ရလဒ်များကိုအခြေခံ၍ လာမည့် ဒီဇင်ဘာလတွင် မွန်အမျိုးသားညီလာခံ Mon National Convention တစ်ရပ် ဆက်လက်ကျင်းပသွားရန် စီစဉ်ထားကြောင်း ကွန်ဖရင့်ဖြစ်မြောက်ရေးဥက္ကဌ ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    မွန်အမျိုးသားကွန်ဖရင့်သည် (၁) မွန်အမျိုးသားညီလာခံ Mon National Convention တစ်ခု ကျင်းပရေး၊ (၂) မွန်တစ်မျိုးသားသွေးစည်း ညီညွတ်ရေး၊(၃) ပြည်ထောင်စုတွင် အဓွန့်ရှည်သောငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရေးနှင့်(၄) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်၌ မွန်အမျိုးသားများပါဝင်ရေး စသည့်ဦးတည်ချက်(၄) ရပ်ပါဝင်ကြောင်း သိရသည်။

    မွန်တိုင်းရင်းသားကွန်ဖရင့်သည် ယခုအခါမော်လမြိုင်မြို့တွင် ပထမဆုံးအကြိ်မ်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပြီး ယခင်ကာလက မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေများ၌ ၆ ကြိမ်မြောက်ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks