spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းတောင်ကြီးတိုင်းရင်းသားဆွေးနွေးပွဲမှ အချက် ၅ ချက်ထုတ်ပြန်

    တောင်ကြီးတိုင်းရင်းသားဆွေးနွေးပွဲမှ အချက် ၅ ချက်ထုတ်ပြန်

    -

    မင်းလုံး – ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် သုံးရက်ကြာကျင်းပခဲ့သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲ (ရှမ်းပြည်နယ်/ ကယားပြည်နယ်/ မွန်ပြည်နယ်) နောက်ဆုံးနေ့တွင် အချက် ၅ ချက်ပါ သဘောထားတစ်ရပ် ထုတ်ပြန်ခဲ့သည်။တောင်ကြီးဆွေးနွေးပွဲမှ အချက် ၅ ချက်ထုတ်ပြန်ခဲ့သည်။

    ယင်းထုတ်ပြန်ချက်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ မတရားသင်းအက်ဥပဒေ အပါအဝင် ဒီမိုကရေစီစံနှုန်းနှင့်မကိုက်ညီသော ဥပဒေအားလုံးကို ရုပ်သိမ်းပေးရေး၊ တန်းတူပြီးကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ပင်လုံစိတ်ဓာတ်ကိုအခြေခံသော ညီလာခံကြီးကျင်းပရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရေး စသည့်အချက်များ ပါဝင်သည်။

    ဆွေးနွေးပွဲအမှထ်တရဓါတ်ပုံမှတ်တမ်း(SNLD)
    ဆွေးနွေးပွဲအမှထ်တရဓါတ်ပုံမှတ်တမ်း(SNLD)
    ဆွေးနွေးပွဲတက်ရောက်ခဲ့သူ ဝါရင့်နိုင်ငံရေးသမား မွန်ဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိမ်းက “ ဒီအချက် ၅ ချက် အဓိကထုတ်ပြန်နိုင်ခဲ့တာ သိပ်ကိုအားရစရာကောင်းပါတယ်၊ ဒါတွေကို အဖက်ဖက်က သဘောထားကြီးကြီးနဲ့ အကောင်အထည်ဖေါ်နိုင်မယ်ဆိုရင် ကျနော်တို့တိုင်းရင်းသား အချင်းချင်း သွေးမြေကျတိုက်ပွဲတွေ အဆုံးသတ်နိုင်ပြီ” ဟု ပြောသည်။

    ထို့အပြင် ဗမာလူမျိုးကြီးနှင့် တိုင်းရင်းသားများ တစ်ဦးအပေါ်တစ်ဦး သံသယစိတ်၊ မယုံကြည်မှုတွေကြောင့် ရာစုနှစ်ဝက်ကျော် စစ်ပွဲများဖြစ်ခဲ့ကြရသည့်သင်ခန်းစာများရယူကြပြီး ဗမာလူမျိုးနှင့် အခြားတိုင်းရင်းသားအကြား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းသည် အလွန်သင့်လျော်ကောင်းမြတ်သော လုပ်ဆောင်ချက်များဖြစ်ကြောင်း ဆွေးနွေးပွဲသို့ နိုင်ငွေသိမ်းရေးသားသည့် စာတမ်းတွင် ဖေါ်ပြထားသည်။

    နိုင်ငွေသိမ်းက “ လွန်ခဲ့တဲ့အနှစ် ၅၀ ကျော်ကလည်း ဒီတောင်ကြီးမြို့မှာညီလာခံတစ်ခုကျင်းပခဲ့တယ်၊ အဲဒီကစပြီး ကျနော်တို့ ဖက်ဒရယ်မူကိုကြေညာခဲ့တယ်၊ အဲဒီအချိန်မှာ မွန်နဲ့ ရခိုင်ကို ပြည်နယ်အဆင့် မသတ်မှတ်ပေးသေးဘူး” ပြောသည်။

    ၁၉၆၁-ခု ဇွန်လ (၈) ရက်နေ့တွင် တောင်ကြီးမြို့၌ တိုင်းရင်းသားများ ညီလာခံတစ်ရပ်ကျင်းပခဲ့ရာ မွန်တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် နိုင်ငွေသိမ်း ပါဝင်တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

    ယခုကျင်းပသော တောင်ကြီးမြို့ဆွေးနွေးပွဲသို့ မွန်နိုင်ငံရေးပါတီကိုယ်စားပြုတက်ရောက်သူများတွင် မွန်ဒီမိုကရေစီပါတီ(MDP)မှ ဥက္ကဋ္ဌ နိုင်ငွေသိမ်း၊ တွဲဖက်အတွင်းရေးမှူး(၂) မွန်ရာဇာ (ခေါ်) မင်းစိုးဝင်းနှင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် နိုင်စိုးမြင့် မွန်ပြည်သစ်ပါတီ(NMSP)မှ တွဲဖက်အတွင်းရေးမှူး (၁) နိုင်အောင်မင်း နှင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် နိုင်ဝင်းလှ တို့ တက်ရောက်ခဲ့ကြသည်။

    အလားတူယင်းဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်တို့မှ နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ဦးဝင်းမြင့်၊ ဦးဝင်းထွန်းနှင့် နိုင်ငံရေးပါတီ ၂၁ ပါတီ၊ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်း ၃ ဖွဲ့နှင့် လေ့လာသူအဖွဲ့အစည်း ၃၁ ဖွဲ့တို့၏ ကိုယ်စားလှယ် ၃ဝဝ ကျော်ပါဝင်တက်ရောက်ခဲ့ကြသည်။

    ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်းဆောက်ခြင်းဆွေးနွေးပွဲအခမ်းအနားကို(ရှမ်းပြည်နယ်/ ကယားပြည်နယ်/ မွန်ပြည်နယ်) ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ခန်းမ၌ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ဖြစ်သည့် စက်တင်ဘာလ ၂၁ ရက်နေ့တွင် စတင်ကျင်းပပြီး ၂၃ ရက်နေ့အထိ သုံးရက်ကြာပြုလုပ်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks