Friday, March 13, 2026
More
    spot_img
    Homeသတင်းစစ်ကြောင်းအဖမ်းဆီးခံသူ တစ်ဦးထွက်ပြေးလွတ်မြောက်၊ ကျန်နှစ်ဦးကို ဖမ်းဆီးထားဆဲ

    စစ်ကြောင်းအဖမ်းဆီးခံသူ တစ်ဦးထွက်ပြေးလွတ်မြောက်၊ ကျန်နှစ်ဦးကို ဖမ်းဆီးထားဆဲ

    -

    ခတ္တာနန်း – ယခုလအတွင်း တနင်္သာရီတိုင်း၊ မြိတ်ဒေသ၌ မွန်ပြည်သစ်ပါတီတပ်နှင့် မြန်မာစစ်တပ်တို့ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွင် မြန်မာ့တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားသူ ၃ ဦးရှိသည့်အနက် တစ်ဦးထွက်ပြေးလွတ်မြောက်လာသော်လည်း ကျန်၂ ဦးမှာ စစ်ကြောင်းအတွင်း လိုက်ပါနေရဆဲဖြစ်ကြောင်း သိရသည်။

    အင်အား ၁၀ဝ ဝန်းကျင်ရှိ အစိုးရတပ်မတော်စစ်ကြောင်းက မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ သုမင်္ဂလံရွာရှိ နေအိမ်နှင့်တဲများ ၂၀ ခန့်ကို ဇူလိုင်လ ၂၂ ရက်နေ့တွင် မီးရှိ့ဖျက်ဆီးခဲ့သည်ဟုလည်း ထွက်ပြေးလွတ်မြောက်လာသူ နိုင်ဝင်းသောင်းက ပြောသည်။

    နိုင်ဝင်းသောင်းက “တပ်ကမီးရှို့အပြီး ပြန်အထွက်မှာ အရှေ့တပ်ဖွဲ့တစ်ဖွဲ့၊ အနောက်တပ်ဖွဲ့က ထွက်သွားတော့ ကျနော် အရှေ့တပ်ဖွဲ့ရဲ့နောက်ဆုံးမှာ ပါသွားတယ် ၊ တောင်ကုန်းအဆင်းမှာ အနောက်လူကွယ်တော့ ကျနော်ထွက်ပြေးလာခဲ့တယ်” ဟု ပြောသည်။

    ထိုသို့ထွက်ပြေးစဉ် စစ်တပ်မှပစ်ခတ်သော်လည်း မိမိအားမထိမှန်ခဲ့ကြောင်း၊ ထိုဒေသ တောတောင်ရေမြေများကိုကျွမ်းကျင်နေသောကြောင့် စစ်ကြောင်းနှင့် မတိုးမိအောင် ရှောင်ရှား နိုင်ခဲ့ကြောင်း၊ ညနေ ၆ နာရီခန့်၌ ဘေးလွတ်ရာထိုင်းနယ်စပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

    ထို့အပြင် အဖမ်းဆီးခံထားရသည့် မွန်ပြည်သစ်ပါတီရဲဘော်လင်မယားနှစ်ဦးတို့မှာလည်း စစ်ကြောင်းနှင့်အတူ လိုက်ပါသွားလာနေရကြောင်း နိုင်ဝင်းသောင်းက ဆက်ပြောသည်။

    မွန်ပြည်သစ်ပါတီမြိတ်ဒေသ တပ်မှူး ဗိုလ်ကြီးတမော့ချမ်းက “အစိုးရတပ်အင်အား ၈၀ လောက်ခန့်မှန်းရတယ်၊ ကျနော်တို့နေတဲ့ ရွာကိုလည်း မီးရှို့လိုက်တယ်၊ စစ်ကြောင်းရွာကအထွက်မှာ နိုင်ဝင်းသောင်း ထွက်ပြေးလွတ်လာခဲ့တာပါ၊ ကျနော်ရဲဘော် လင်မယားကတော့ အဖမ်းခံထားရတုန်းပဲ” ဟု ပြောသည်။

    အစိုးရစစ်ကြောင်းသည် မွန်ပြည်သစ်ပါတီစခန်းချရာ သုမင်္ဂလံရွာသို့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ဝင်ရောက်ပစ်ခတ်သဖြင့် မွန်ရဲဘော် ၂ ဦးကျဆုံးခဲ့ပြီးနောက် လမ်းတွင်တွေ့ဆုံမိသော လက်နက်မဲ့တောလိုက်မုဆိုး နိုင်ဝင်းသောင်းအား ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။

    ယင်းဖြစ်ရပ်မတိုင်မီ ခွင့်ပြန်မွန်ရဲဘော် နိုင်ကရက်မွန်နှင့် ဇနီးတို့အား သုမင်္ဂလံရွာသစ်သို့ ရောက်ရှိနေစဉ် ဇူလိုင်လ ၁၂ ရက်နေ့တွင် အစိုးရစစ်ကြောင်း ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

    ယင်းဖြစ်ရပ်များတွင် အစိုးရတပ်များမှာ ခမရ ၅၇၉၊ ခမရ ၅၈၁၊ ခလရ ၂၂၄ ၊ ခလရ ၂၈၈ တို့၏ ပူးပေါင်းထုတ်နှုတ်စစ်ကြောင်း ၂ ကြောင်း ပါဝင်သည်ဟု သိရသည်။

    မြန်မာစစ်ကြောင်းလှုပ်ရှားနေမှုကြောင့် မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ သုမင်္ဂလံရွာနှင့် အနီးအနားရှိကျေးရွာသားများသည် မိမိတို့နေအိမ်နှင့်ခြံများကို စွန့်ခွာကြရပြီး နီးစပ်ရာဘုန်းတော်ကြီးကျောင်းများ၌ ဝင်ရောက်ခိုလှုံနေကြသည့်စာရင်းကို မကောက်ခံနိုင်ခဲ့ပေ။

    ယခုလ ၁၆ ရက်နေ့ မြိတ်ဒေသတွင်ဖြစ်ပွားခဲ့သည့် အစိုးရတပ်ဖွဲ့၏ပစ်ခတ်မှုနှင့် ဖမ်းဆီးထားသူများ ပြန်လည်လွတ်မြောက်ရေးအတွက် မွန်ပြည်သစ်ပါတီက သက်ဆိုင်ရာသို့တင်ပြထားသော်လည်း တစုံတရာ အကြောင်းမပြန်သေးဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks