spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမြန်မာအစိုးရတပ်ဖွဲ့က မွန်ပြည်သစ်ပါတီ စခန်းတစ်ခုအား ဝင်ရောက်ပစ်ခတ်

    မြန်မာအစိုးရတပ်ဖွဲ့က မွန်ပြည်သစ်ပါတီ စခန်းတစ်ခုအား ဝင်ရောက်ပစ်ခတ်

    -

    မင်းသုတ – တနင်္သာရီတိုင်း မြိတ်ခရိုင်အခြေစိုက် မွန်ပြည်သစ်ပါတီ စခန်းတစ်ခုအား မြန်မာအစိုးရ ခမရ ၅၈၁ လှုပ်ရှားတပ်ဖွဲ့ ဝင်ရောက်ပစ်ခတ်သဖြင့် မွန်ပြည်သစ်ရဲဘော် ၂ ဦးကျဆုံးခဲ့သည်ဟု ဒေသရှိ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မှူးတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

    ယမန်နေ့(ဇူလိုင်လ ၁၆) ရက် နံနက် ၁၀ နာရီခန့်တွင် မြိတ်ခရိုင်၊ ချောင်ချိဒေသ၊ သုမင်္ဂလံရွာ၌ စခန်းချလျှက်ရှိသော မွန်ပြည်သစ်ပါတီတပ်ဖွဲ့အား လာရောက်ပစ်ခတ်ခဲ့စဉ် ကျဆုံးသူနှစ်ဦးထံမှ လက်နက်ခဲ့ယမ်းများကိုလည်း အစိုးရတပ်ကသိမ်းဆည်းခဲ့သည်ဟု တပ်မှူးဗိုလ်ကြီးတမော့ချမ်းက ပြောသည်။

    အစိုးရနှင့် မွန်ပြည်သစ်ပါတီ အပစ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးပွဲ(imnernet)
    အစိုးရနှင့် မွန်ပြည်သစ်ပါတီ အပစ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးပွဲ(imnernet)
    သူက “ရဲဘော်တွေက ရွာထဲမှာ ထမင်းစားနားနေချိန် ရွာထိပ်ကကျနော်တို့တပ်ဖွဲ့ကင်းသမား ၂ ယောက်နဲ့ အရင်ထိတွေ့မှုဖြစ်တယ်၊ ၁၀ မိနစ်ကျော်လောက်အပြန်အလှန်ပစ်ခတ်ကြပြီး ကင်းသမား ၂ ယောက်စလုံးကျသွားတယ်” ဟု ပြောသည်။

    ရွာထဲစခန်းချနေသော မွန်ပြည်သစ်တပ်ဖွဲ့ဝင်များနှင့် ၄င်းတို့၏ရွာထိပ်ကင်းစခန်းအလှမ်းဝေးနေမှုကြောင့် အင်အားမမျှဖြစ်နေပြီး အချိန်မီမခုခံနိုင်ခဲ့ဟု သူက ဆက်ပြောသည်။

    ဗိုလ်ကြီးတမော့ချမ်းက “ရွာကရဲဘော်တွေ ရောက်လာချိန်မှာ အစိုးရတပ်တွေ ဆုတ်ခွာသွားပါပြီ၊ ဆက်ပြီးရှင်းလင်းတော့ တပ်မတော်စစ်ဦးထုတ် ၄ လုံးသိမ်းဆည်းရမိတယ်” ဟု ပြောသည်။

    ဗိုလ်ကြီးနေမျိုး ဦးစီးသည့် မြန်မာအစိုးရတပ်ဖွဲ့ ခမရ ၅၈၁ လှုပ်ရှားတပ်ဖွဲ့နှင့် ဗိုလ်ကြီးတမော့ချမ်း တပ်ဖွဲ့တို့ အဆက်အသွယ်ပြုလုပ်ခဲ့ကြဘူးသော်လည်း မည်သည့်အကြောင်းရင်းကြောင့် လာရောက်ပစ်ခဲ့သည်ကို မသိရှိရဟု ယင်းတပ်မှူးက ပြောသည်။

    ယင်းပစ်ခတ်မှုဖြစ်ပွားသည့်နေရာသည် မြန်မာအစိုးရနှင့် မွန်ပြည်သစ်တို့သဘောတူညီချက်အရ မွန်ပြည်သစ်ပါတီတပ်ဖွဲ့၏ တပ်တည်ရာစခန်းဧရိယာဖြစ်ပြီး ထိုင်းနယ်စပ်မှ ၃ မိုင်ခန့်ဝေးကွာသည်ဟု သိရသည်။

    မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက “ ဘာကြောင့် ဒီလိုလာပစ်ခတ်တဲ့အကြောင်းရင်း မသိရသေးဘူး၊ ပြီးခဲ့တဲ့လ ဒုဥက္ကဌနိုင်ရော့စ ဈာပနအတွက်ဂုဏ်ပြုတပ်ဖွဲ့တွေ ရေး-သံဖြူဇရပ်ကားလမ်းပေါ် သွားတဲ့ကိစ္စမှာလည်း အစိုးရစစ်တပ်က တားဆီးတာတွေ လုပ်ခဲ့သေးတယ်” ဟု ပြောသည်။

    ပြီးခဲ့သည့်မေလ ၂၁ ရက်နေ့တွင် နိုင်ရော့စ၏ ဈာပနအခမ်းအနားတက်ရောက်မည့် ထားဝယ်ခရိုင်တပ်ဖွဲ့ဝင်များ ဘုရားသုံးဆူသို့သွားရောက်နိုင်ရန် ရေးမြို့အခြေစိုက် စစ်ကွပ်ကဲရေးဌာနချုပ် စကခ ၁၉ သို့ အကြောင်းကြားခဲ့ရာ မြန်မာစစ်တပ်အရာရှိတစ်ဦးက ပြည်ထောင်စုလမ်းမပေါ်တွင် တပ်မတော်မှအပ အခြားသောလက်နက်ကိုင်အဖွဲ့အစည်းများသွားခွင့်မရှိဟု မွန်ပြည်သစ်ပါတီကို ပြောဆိုခဲ့ကြောင်း ယင်းဗဟိုကော်မတီဝင်က ပြောသည်။

    ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော မြန်မာအစိုးရကိုယ်စားလှယ်များနှင့် ဒုတိယဥက္ကဌနိုင်ရော့စ ခေါင်းဆောင်သော မွန်ပြည်သစ်ပါတီကိုယ်စားလှယ်တို့သည် ၂၀၁၂ ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် မော်လမြိုင်မြို့၊ Strand Hotel ၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီလက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။

    ယင်းအပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးစဉ်က ၂၀၁၂ ဒီဇင်ဘာလ ၃၁ နောက်ဆုံးထားကာ အပစ် အခတ်ရပ်စဲရေး ရရှိထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များစုပေါင်း၍ အစိုးရနှင့်နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးနိုင်ရန် အချက်ကို နှစ်ဖက်ကိုယ်စားလှယ်များ သဘောတူထားကြသည်။

    သို့ရာတွင် လက်ရှိကာလအထိအထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များစုပေါင်း၍ အစိုးရနှင့်နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုများ မဖြစ်ပေါ်သေးပေ။

    နှစ်ဖက်အပစ်ရပ်ပျက်ပြယ်ခဲ့သည့် ၂၀၁၀ ခုနှစ်ကာလဝန်းကျင်များတွင် အစိုးရတပ်နှင့် မွန်ပြည်သစ်ပါတီအကြား စစ်ရေးတင်းမာခဲ့စဉ် လက်နက်ဖြင့်ပစ်ခတ်မှုများ မဖြစ်ပေါ်ခဲ့ဘူးသော်လည်း ယခုချောင်ချိဒေသ ဝင်ရောက်ပစ်ခတ်မှုသည် ပထမဆုံးအကြိမ်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks