Homeသတင်း၂၀၁၃ ခုနှစ်ဓမ္မာစရိယ စာမေးပွဲ မွန်သံဃာတော်များ အောင်ချက်နည်း

၂၀၁၃ ခုနှစ်ဓမ္မာစရိယ စာမေးပွဲ မွန်သံဃာတော်များ အောင်ချက်နည်း

-

မင်းတော်လဝီ – ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပပြီးစီးခဲ့သော ၂၀၁၃ ခုနှစ် ဓမ္မာစရိယစာမေးပွဲ၏ ဇူလိုင်၁၄ရက်နေ့က ထုတ်ပြန်သော အောင်စာရင်းအရ မွန်သံဃာတော်များ အောင်ချက်နည်းပါးခဲ့ကြောင်း မွန်ဆရာတော်ကြီးများထံမှ သိရသည်။

မွန်သံဃာတော်များအနေဖြင့် ဓမ္မာစရိယတန်းဝင်ရောက်ဖြေဆိုခဲ့သည့်အရေအတွက် တိုးများလာသော်လည်း ယခုနှစ်အောင်ချက်အတွက် အားရစရာမရှိဟု ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မွန်ပရိယတ္တိစာသင်တိုက် ဆရာတော်က မိန့်သည်။

“ ဒီနှစ်ဓမ္မာစရိယတန်းစာမေးပွဲဝင်ရောက်ဖြေဆိုတဲ့ မွန်ရဟန်းသာမဏေပေါင်း ၂၀ဝ ပါးဝန်းကျင်အနက် သုံးကျမ်း ၇ ပါး၊ နှစ်ကျမ်း ၆ ပါးနဲ့ တစ်ကျမ်း၂ ပါးပဲအောင်မြင်ခဲ့တယ်”ဟု ဆရာတော်က မိန့်ဆိုသည်။

မွန်သံဃာတော်များ ပရိယတ္တိစာမေးပွဲဖြေဆိုနေစဉ်(ရာမညရဌ FB)
မွန်သံဃာတော်များ ပရိယတ္တိစာမေးပွဲဖြေဆိုနေစဉ်(ရာမညရဌ FB)
ယခင်နှစ်ဓမ္မာစရိယတန်းဝင်ရောက်ဖြေဆိုသူ မွန်သံဃာတော်၂၀ဝ နီးပါးအနက် တစ်ကျမ်း၊နှစ်ကျမ်း၊သုံးကျမ်း စုစုပေါင်း ၉၀ ကျော် အောင်မြင်ခဲ့သည်။

သို့ရာတွင် မေးခွန်လွှာခက်ခဲသည့်အတွက် အောင်ချက်နည်းခြင်းမဟုတ်ဟု ဆရာတော်က ဆက်မိန့်သည်။

“နိုင်ငံတော်က ကျင်းပခဲ့တဲ့ပရိယတ္တိ စာမေးပွဲတွေကို သင်္ကြန်မတိုင်ခင် အားလုံးဖြေဆိုပြီးနေကျပါ၊ ဒီနှစ်မှာက ကြေးနီတောင်မှာဘုန်းကြီးကိုအကြမ်းဖက်တဲ့အရေးကြောင့် ဓမ္မာစရိယတန်းစာမေးပွဲကို သင်္ကြန်လွန်နောက်ကျမှဖြေရလို့ စာမေးပွဲမှာ စိတ်လျှော့သွားတယ်” ဟုဆရာတော်ကမိန့်သည်။

အချို့သော သံဃာတော်များသည် မေလ ၂ ရက်နေ့တွင် နောက်ကျဖြေဆိုရသည့်အတွက် စာမေးပွဲမဖြေဆိုပဲ မိဘရပ်ရွာများသို့ ပြန်သွား၍သီတင်းသုံးနေလည်း ရှိသည်။

အလားတူ ပထမပြန်စာမေးပွဲတွင်လည်း အောင်မြင်သည့် မွန်ရဟန်း၊သာမဏေ အပါးရေလျှော့ခဲ့ရသည်ဟု သံဖြူဇရပ်မြို့ နန္ဒဝန်မွန်စာသင်တိုက်မှ ဆွမ်းဝေယျာဝစ္စဒါယကာ တဦးကပြောသည်။

“စာသင်သား၊ရဟန်း၊သာမဏေ၊သီလရင်တွေ အားလုံးပဲ အေးချမ်းစွာစာဖြေရမယ့်အစား စိုးရိမ်သောက ဖြစ်ကြရပြီး စာမေးပွဲမှာစိတ်ပေါ့သွားကြတယ်၊ ဒီနှစ်ပထမပြန်အောင်ချက်က မွန်သံဃာအောင်ချက် ၁၃ ရာနှုန်းပဲရှိတယ်လို့ဆရာတော်ကြီးတွေက မိန့်ကြားတယ်”ဟု ယင်းဒါယကာက ပြောသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ၂၀၁၃ ခုနှစ်အတွက် ကျင်းပပြီးစီးခဲ့သော ဓမ္မာစရိယစာမေးပွဲတွင် ဖြေဆိုခဲ့ကြသော သံဃာတော်များနှင့် သာသနာ့အနွယ်ဝင်သီလရှင် များအနက် သုံးကျမ်းအောင် ၅၂၆ ပါး၊နှစ်ကျမ်းအောင်၉၉၉ ပါး၊တစ်ကျမ်းအောင် ၁၅၃၇ ပါး၊မြန်မာဂုဏ်ထူး ခုနှစ်ပါး အောင်မြင်ခဲ့သည်ဟု ဇူလိုင်လ ၁၅ ၇က်နေ့ထုတ် မြန်မာ့ သတင်းစာတွင် ဖေါ်ပြပါရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts