spot_img
Friday, January 23, 2026
More
    spot_img
    Homeသတင်းပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းအား BNI ကန့်ကွက်

    ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းအား BNI ကန့်ကွက်

    -

    မင်းသုတ– နိုင်ငံတကာ မြန်မာ့သတင်း (Burma News International- BNI) က ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သော ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအား ယမန်နေ့ရက်စွဲ (ဇူလိုင်လ ၉ ရက်) ဖြင့် ကြေညာချက်ထုတ်ပြန်၍ ကန့်ကွက်လိုက်သည်။

    BNI ကဦးဆောင်ကျင်းပသော တိုင်းရင်းမီဒီယာညီလာခံ(IMNA)
    BNI ကဦးဆောင်ကျင်းပသော တိုင်းရင်းမီဒီယာညီလာခံ(IMNA)
    BNI အဖွဲ့တွင် မြန်မာတိုင်းရင်းသားသတင်းဌာနများ ဖြစ်ကြသည့် မဇ္ဈိမ၊ သျှမ်းသံတော်ဆင့်(ရှမ်း)၊ ခိုနုမ်းထုန်၊ ကုလားတန်၊ ကန္တာရဝတီတိုင်း(မ်)၊ သတင်းနဲ့မီဒီယာကွန်ယက်၊ရွှေဟင်္သာသတင်းဌာန၊ လွတ်လပ်သော မွန်သတင်း အေဂျင်စီ၊ ကရင်သတင်းဌာန၊ နိရဉ္စရာနှင့် ကချင်သတင်းဌာနတို့ဖြစ်ကြပြီး ယင်းသတင်းဌာန ၁၁ ခုက တညီတညွတ်တည်းကန့်ကွက်ခြင်း ဖြစ်သည်။

    ယင်းအတည်ပြုခဲ့သော ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေမူကြမ်းသည် သတင်းမီဒီယာများအား တနည်းတဖုံဖြင့် ထိန်းချုပ်ခြင်းသာဖြစ်သဖြင့် ဤဥပဒေမျိုး လိုအပ်ခြင်းမရှိဟု နိုင်ငံတကာ မြန်မာ့သတင်း (BNI) အဖွဲ့က ရှမြင်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

    ဘီအဲန်အိုင်အဖွဲ့ ဖွံ့ဖြိုးရေးအရာရှိ နန်းဖော့ဂေက “အဲဒီပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းထဲက ပုဒ်မ ၇ ပါ စည်းကမ်းချက်တွေဟာ ရှင်းလင်းမြင်သာစွာ ဖော်ပြထားခြင်းမရှိတာမို့ လက်ရှိ မတည်ငြိမ်သေးတဲ့ နိုင်ငံတွင်းဖြစ်ပျက်မှုတွေကို ရေးသားဖော်ပြရာမှာ လုံးဝမလွတ်လပ်တော့ဘူး။ အထူးသဖြင့် မီဒီယာကဏ္ဍ တိုးတက်မှု အတော်အားနည်းနေသေးတဲ့ တိုင်းရင်းသားဒေသတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဒေသဆိုင်ရာ ပဋိပက္ခတွေကို သတင်းရယူမှု၊ ဖော်ပြမှုကဏ္ဍကို ပိုမိုခက်ခဲသွားစေနိုင်ပါတယ်” ဟု ပြောသည်။
    ထို့အပြင် အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများအား သတင်းရယူရာတွင် ယင်းဥပဒေကြောင့် အဟန့်အတားဖြစ်စေပြီး ယခင်ကဲ့သို့ပင် ဘက်တစ်ဖက်တည်းဖြင့် သတင်းရေးသားမှုမျိုးများ ဆက်လက်ဖြစ်ပေါ်နေမည်ဟုလည်း သူမကထောက်ပြသည်။

    သူမက “ဒီဥပဒေဟာ အစိုးရရဲ့ဝန်ကြီးဌာန ဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို သတင်းဌာနတွေရဲ့ မှတ်ပုံတင်ခွင့်ကို ထိန်းချုပ်ခွင့်ပေးလိုက်တာ ဖြစ်တယ်၊ ဒီလို ထိန်းချုပ်ခွင့် ပေးလိုက်တဲ့အတွက် သတင်းလွတ်လပ်ခွင့်ကိုလည်း အကြီးအကျယ် ထိခိုက်စေပါတယ်” ဟု ပြောသည်။

    လွတ်လပ်ရေးရပြီးကာလ၌ မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် အတော်အသင့်ရှိခဲ့သော်လည်း ဦးနေဝင်း၏ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီအာဏာသိမ်းပြီးနောက် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများမှတ်ပုံတင်ခြင်း ဥပဒေကိုထုတ်ပြန်၍ သတင်းမီဒီယာ ထိန်းချုပ်မှုများကို ပြုလုပ်ခဲ့သည်ဟုလည်း ဖော်ပြပါရှိသည်။

    ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားသောဥပဒေကြမ်းနှင့် သတင်းစာဆရာများဦးစီးရေးဆွဲသော ဥပဒေကြမ်းနှစ်မျိုးစလုံး လွှတ်တော်သို့တင်ပြရန် အစိုးရနှင့်သတင်းစာဆရာများ ယခင်ကသဘောတူညီခဲ့ကြသော်လည်း ပြန်ကြားရေးဝန်ကြီးဌာန၏ ဥပဒေကြမ်းတစ်ခုတည်းကိုသာ တင်ပြအတည်ပြုခဲ့ခြင်း ဖြစ်သည်။

    ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာကောင်စီ (ယာယီ) နှင့် ယခင်သဘောတူညီထားသည့်အတိုင်း လွှတ်တော်သို့တင်ပြခြင်းမရှိဘဲ သတင်းစာဆရာများကန့်ကွက်ထားသော ပုံနှိပ်ရေးနှင့် ထုတ်လုပ်ရေး ဥပဒေကို တင်ပြခြင်းသည် လူကြီးလူကောင်းသဘောတူညီမှုများအား ဖောက်ဖျက်ခြင်းဖြစ်ကြောင်း သတင်းမီဒီယာကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက သတင်းဌာနသို့ ပြောကြားခဲ့သည်။

    သတင်းမီဒီယာကောင်စီ (ယာယီ) အနေဖြင့် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်သော ယင်းဥပဒေမူကြမ်းကို ဆက်လက်ကန့်ကွက်သွားမည်ဖြစ်ပြီး အကယ်၍ ဥပဒေအရနောက်ဆုံးအတည်ဖြစ်ခဲ့လျှင် သတင်းမီဒီယာကောင်စီ (ယာယီ) အဖွဲ့ဝင်အားလုံး နှုတ်ထွက်မည်ဟု သိရသည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့တွင် ပြည်သူ့လွှတ်တာ်က အတည်ပြုခဲ့သောဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်၌ ထပ်မံအတည်ပြုပြီး သမ္မတက လက်မှတ်ရေးထိုးလျှင် ယင်းပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေအတည်ဖြစ်မည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts