spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းကွယ်လွန်သူမွန်ပြည်သစ်ပါတီ ဒုဥက္ကဌနိုင်ရော့စ ဈာပနအခမ်းအနားပြီးစီး

    ကွယ်လွန်သူမွန်ပြည်သစ်ပါတီ ဒုဥက္ကဌနိုင်ရော့စ ဈာပနအခမ်းအနားပြီးစီး

    -

    မင်းသုတ– ကွယ်လွန်သူမွန်ပြည်သစ်ပါတီ ဒုဥက္ကဌနိုင်ရော့စ အသက် ၆၇ နှစ်၏ ဈာပနမီးသင်္ဂြိလ်အခမ်းအနားကို ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့အနီး မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ဂျပန်ရေတွင်းရွာ၌ ယမန်နေ့မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ပြီးဖြစ်သည်။

    မွန်ပြည်သစ်ပါတီဥက္ကဌနိုင်ထောမွန်၊ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင်များ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ဝင်များ၊ မော်လမြိုင်၊ သထုံ၊ ထားဝယ်ခရိုင် အုပ်ချုပ်ရေးဒေသများမှ ပါတီဝင်များနှင့် ၄င်းတို့၏တပ်ဖွဲ့ဝင်များ၊ ကျန်ရစ်သူနိုင်ရော့စ၏ ဇနီးမိတနိုင်းပုလဲနှင့် သားသမီးများ၊ ဒေသခံများ အင်အား ၂၀ဝ၀ ကျော်တက်ရောက်ခဲ့သည်ဟု အခမ်းအနားဖြစ်မြောက်ရေး အတွင်းရေးမှူး နိုင်အေးမွန်က ပြောသည်။

    အခမ်းအနားသို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် အထင်ကရမွန်သံဃာတော်များဖြစ်ကြသည့် ဘဒ္ဒန္တကေတုမာလာနှင့် ဘဒ္ဒန္တသီလဝန္တ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဝါတ်ပရော့ ကျောင်းထိုင် ဆရာတော်(အသျှင်ဝိဇျှာန်) ၊ ဘုရားသုံးဆူမြို့ တိုင်တစ်ရာကျောင်းထိုင်ဆရာတော်(အသျှင်ဓမ္မ)၊ ထိုင်းနိုင်ငံဘုရားသုံးဆူဆရာတော်(အသျှင်ဟံသာရာဇာ)၊ ဝင်းကကျောင်းထိုင်ဆရာတော်(မဟာချာတ်)၊ စံခလပူရီ စံမတစ်ကျောင်းထိုင်ဆရာတော်(အသျှင်သီရိ)နှင့် မွန်သံဃာတော်များ တက်ရောက်ခဲ့ကြသည်။

    မွန်ပြည်သစ်ပါတီဥက္ကဌနိုင်ထောမွန်က “နိုင်ရော့စလို ပုဂ္ဂိုလ်တစ်ဦးကွယ်လွန်ခဲ့တာဟာ မွန်အမျိုးသားထု တစ်ရပ်လုံးအတွက် ကြီးမားတဲ့ဆုံးရှုံးမှုပါ၊ သူဟာ စိတ်သဘောထားအင်မတန်နူးညံ့သိမ်မွေ့သလို ဆုံးဖြတ်ချက်တွေမှာ အလွန်ပြတ်သားတဲ့ခေါင်းဆောင်တစ်ယောက်ပါပဲ” ဟု ပြောသည်။

    ထို့အပြင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိန်း၊ ဒုဥက္ကဌနိုင်လှအောင်၊ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာဗညားအောင်မိုး၊ မွန်ဒီမိုကရေစီပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းကြည်ဝင်းနှင့် ပါတီအဖွဲ့ဝင်အချို့၊ ထိုင်းနိုင်ငံဖွားမွန်တိုင်းရင်းသားများ၊ ဒေသခံမွန်စာပေယဉ်ကျေးမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

    UNFC,KNU,DKBA ဒေသခံခေါင်းဆောင်အချို့နှင့် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ဝင်များ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

    ထို့အတူ ဘုရားသုံးဆူမြို့ပေါ်ရှိ အစိုးရအာဏာပိုင်အရာရှိများ၊ NLD ပါတီခေါင်းဆောင်များကိုလည်း တွေ့ရှိခဲ့ရသည်။

    အခမ်းအနားတွင် မွန်ဓလေ့ထုံးဓမ်းအစဉ်အလာနှင့်အညီ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရေဇ္ဇျယ်၍ အမျှပေးဝေခြင်း၊ မွန်ပြည်သစ်ပါတီဥက္ကဌနိုင်ထောမွန် မိန့်ခွန်းပြောကြားခြင်း၊ သဝဏ်လွှာများဖတ်ကြားခြင်း၊ အမိန့်ပြန်တမ်းဖတ်ကြားခြင်း၊ သေနတ် ၁၉ ချက်ဖောက်၍ စစ်အခမ်းအနားဖြင့် အလေးပြုခြင်းနှင့် မီးသင်္ဂြိုလ်ခြင်းတို့ ပြုလုပ်ခဲ့သည်။

    ကျန်ရစ်သူ နိုင်ရော့စ၏ဇနီးမိတနိုင်းပုလဲက “အစ်ကိုယ်ရဲ့အရိုးအိုးကို ဥက္ကဌကြီးနိုင်ရွှေကျင်၊ နိုင်ထင်တို့ အုတ်ဂူအနီးမှာ ထားချင်တယ်၊ ပါတီက ဘယ်လိုစီစဉ်မလဲ မသိရသေးဘူး” ဟု ပြောသည်။

    အလားတူ တစ်ချိန်တည်းတွင် မုဒုံမြို့၊ ဝင်းစိန်တောရကျောင်းဝင်းရှိ ကွယ်လွန်သူ မွန်ပြည်သစ်ပါတီဥက္ကဌဟောင်းများ ဖြစ်ကြသော နိုင်ရွှေကျင်နှင့် နိုင်ထင် တို့၏အုပ်ဂူရှေ့တွင် မွန်လူငယ်နှင့် လူမှုအဖွဲ့အစည်းများဦးဆောင်၍ နိုင်ရော့စအတွက် လွမ်းသူ့ပန်းခွေချ အလေးပြုအခမ်းအနားကျင်းပခဲ့သည်ဟုလည်း သိရသည်။

    နိုင်ရော့စသည် ကင်ဆာရောဂါဖြင့် ထိုင်းနိုင်ငံ၊ စံခလပူရီဆေးရုံ၌ ပြီးခဲ့သည့်ဇွန်လ ၁၅ ရက်နေ့တွင် ကွယ်လွန်ခဲ့ပြီးနောက် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သည့် ဂျပန်ရေတွင်းရွာသို့ နောက်တစ်ရက်တွင် သူ၏ကြွင်းကျန်ရုပ်ကလာပ်အား ရွေ့ပြောင်းလာခဲ့သည်။

    ၁၉၇၀ ခုနှစ်တွင် နိုင်ရော့စ မွန်ပြည်သစ်ပါတီသို့ စတင်ဝင်ရောက်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ အထွေထွေအတွင်းရေးမှူးနှင့် ဒုဥက္ကဌတာဝန်များကို ကွယ်လွန်သည်အထိ တာဝန်ယူထမ်းဆောင်ခဲ့သည်ဟု မှတ်တမ်းများတွင် ဖေါ်ပြသည်။

    မွန်ပြည်သစ်ပါတီတွင် တာဝန်ထမ်းဆောင်သည့်အပြင် နိုင်ရော့စသည် မွန်၊ ဗမာဘာသာဖြင့်လည်း ကဗျာ၊ စာပေ၊ ဆောင်းပါးများရေးသားသူတစ်ဦးလည်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks