spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီဒုဥက္ကဌ နိုင်ရော့စကွယ်လွန်

    မွန်ပြည်သစ်ပါတီဒုဥက္ကဌ နိုင်ရော့စကွယ်လွန်

    -

    မင်းသုတ – မွန်ပြည်သစ်ပါတီ ဒုဥက္ကဌနိုင်ရော့စ အသက် ၆၇ နှစ်သည် ထိုင်းနိုင်ငံ၊ စံခလပူရီဆေးရုံ၌ ဇွန် ၁၅ ရက် ည ၈ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။

    မွန်ပြည်သစ်ပါတီ အမျိုးသားနေ့ အခမ်းအနားတစ်ခုတွင် နိုင်ရော့စ မိန့်ခွန်းပြောကြာနေစဉ်။ Photo: Awe Mon
    မွန်ပြည်သစ်ပါတီ အမျိုးသားနေ့ အခမ်းအနားတစ်ခုတွင် နိုင်ရော့စ မိန့်ခွန်းပြောကြာနေစဉ်။ Photo: Awe Mon
    သူ၏ကြွင်းကျန်သောရုပ်ကလာပ်ကို မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသ ဘုရားသုံးဆူအနီး ဂျပန်ရေတွင်းရွာရှိ မြို့နယ်ရုံးသို့ ယမန်နေ့တွင် ယူဆောင်လာခဲ့ပြီး ဖြစ်သည်။

    လာမည့်ဇွန်လ ၂၁ ရက်နေ့၊ မွန်းလွဲပိုင်းတွင် စစ်အခမ်းအနားဖြင့် ဂျပန်ရေတွင်းရွာ၌ နိုင်ရော့စ၏ဈာပနအခမ်းအနားအား မီးသင်္ဂြိုလ်မည်ဟု သိရသည်။

    ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် နိုင်ရော့စ၏ အဆုတ်လေပြွန်၌ ကင်ဆာရောဂါလက္ခဏာစမ်းသပ်တွေ့ရှိခဲ့ပြီး ရန်ကုန်မြို့၊ သင်္ကန်းကျွန်းဆေးရုံ၊ ထိုမှတဆင့် ဖေဖေါ်ဝါရီလဆန်းပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Bomrongrat Hospital, Christian Hospital ဆေးဝါးကုသခံခဲ့ပြီးနောက်ပိုင်းတွင် ဧပြီလ၌ စံခလပူရီဆေးရုံသို့ ပြောင်းရွေ့လာခဲ့သည်။

    နိုင်ရော့စအား မုဒုံမြို့နယ်၊ ကလော့သော့ရွာနေ ဖခင် ဦးမောင်မောင်၊ မိခင်ဒေါ်ဖွားစိန်တို့မှ ကောဇာသက္ကရာဇ် ၁၃၀၈ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် သောကြာနေ့တွင် ဖွားမြင်ခဲ့ရာ ငယ်နာမည် မင်းဆွေရင် ဖြစ်ပြီး မွေးချင်း ၅ ဦးအနက် စတုတ္ထမြောက်သားဖြစ်သည်။

    မူလတန်းမှစ၍ အဌမတန်းအထိ ကလော့သော့ကျေးရွာ အလယ်တန်းတွင်၄င်း၊ နဝမတန်းကို ကမာဝက်အထက တွင်၄င်း၊ ၁၀ တန်းကို မုဒုံမြို့ အထက(၁) တွင်ဂုဏ်ထူးဖြင့်နှစ်ချင်းပေါက် ထူးချွန်စွာအောင်မြင်ခဲ့ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ပညာဆက်လက်ဆည်းပူး၍ B.Com, RA ဘွဲ့တို့ရရှိခဲ့သည်။

    ရန်ကုန်စီပွားရေးတက္ကသိုလ်တွင် ပညာဆည်းပူးနေစဉ် ၁၉၆၆-၆၇ ခုနှစ်များ၌ မွန်စာပေယဉ်ကျေးမှုကော်မတီ၊ ရန်ကုန်တက္ကသိုလ်တွင် အထွေထွေအတွင်းရေးမှူးတာဝန် ၂ နှစ်ထမ်းဆောင်ခဲ့သည်။

    ကျောင်းပြီးသည့်နောက် မွန်ပြည်သစ်ပါတီ၏မြေအောက်လုပ်ငန်းများကို ထမ်းဆောင်ခဲ့ပြီး ၁၉၇၀ ခုနှစ်တွင် မွန်ပြည်သစ်ပါတီသို့ အပြီးအပိုင်ဝင်ရောက်ခဲ့သည်။

    ၁၉၇၁ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ၏ ဗဟိုကော်မတီဝင်၊ ၁၉၇၅ ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ၁၉၈၁ ခုနှစ် မွန်ပြည်သစ်ပါတီနှစ်ခြမ်းကွဲခဲ့သည့်ကာလအတွင်း ဥက္ကဌနိုင်ရွေကျင်အဖွဲ့တွင် အထွေထွေအတွင်းရေးမှူး၊ ၁၉၈၇ ခုနှစ် မွန်ပြည်သစ်ပါတီနှစ်ခြမ်းပြန်လည်ပေါင်းစည်းသောအခါ တွဲဖက်အထွေထွေအတွင်းရေးမှူး၊ ၁၉၈၉ ခုနှစ်တွင် အထွေထွေအတွင်းရေးမှူး၊ ၂၀ဝ၃ ခုနှစ်တွင် ဒုဥက္ကဌ(၂)၊ ၂၀ဝ၆ ခုနှစ်တွင် ဒုဥက္ကဌအဖြစ် ကွယ်လွန်သည်အထိတာဝန်ထမ်းဆောင်ခဲ့သည်။

    ကွယ်လွန်ချိန်၌ ဇနီးဖြစ်သူ မိတနိုင်းပုလဲ၊ သမီး ၄ ဦးနှင့် သားတစ်ဦးတို့ မော်လမြိုင်မြို့၊ မြိုင်သာယာနေအိမ်တွင် ကျန်ရစ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks