Monday, March 16, 2026
More
    spot_img
    Homeသတင်းUNFC ကိုယ်စားလှယ်များ ဒုတိယအကြိမ် ဂျပန်နိုင်ငံခရီးစဉ်ပြီးဆုံး

    UNFC ကိုယ်စားလှယ်များ ဒုတိယအကြိမ် ဂျပန်နိုင်ငံခရီးစဉ်ပြီးဆုံး

    -

    မင်းသုတ-ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကိုယ်စားလှယ်တို့၏ ဒုတိယအကြိမ်ခရီးစဉ် ဧပြီလ ၆ ရက်နေ့တွင် ပြီးဆုံးခဲ့ပြီဟု သိရသည်။
    UNFC ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး အင်န်ဘန်လ၊ ဒုဥက္ကဌ(၁) အေဘွယ်တွိ၊ ဒုဥက္ကဌ(၂) စောဒေးဗစ်သာကပေါ၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာတို့ ဦးဆောင်သော ၂၃ ဦးပါအဖွဲ့သည် ဧပြီလ ၁ ရက်နေ့တွင် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

    UNFC ကိုယ်စားလှယ်များနှင့် ဂျပန်ဝန်ကြီးချုပ်တို့တွေ့ဆုံကြစဉ်(UNFC)
    UNFC ကိုယ်စားလှယ်များနှင့် ဂျပန်ဝန်ကြီးချုပ်တို့တွေ့ဆုံကြစဉ်(UNFC)

    မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ် အဖြစ်လိုက်ပါခဲ့သူ နိုင်ဟံသာဗိန်ခိုင်းက “အခုခရီးစဉ်က ပိုပြီးအားရစရာပါ၊ ဂျပန်ဝန်ကြီးချုပ်၊ လက်ထောက်ဝန်ကြီးချုပ်ဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပါတယ်” ဟု ပြောသည်။

    ဧပြီလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် UNFC ထိပ်ပိုင်းခေါင်းဆောင် ၄ ဦးတို့က ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့်၄င်း၊  ည ၇ နာရီတွင် ဂျပန်ဝန်ကြီးချုပ်ရှင်ဆိုအာဘေနှင့် UNFC အဖွဲ့ဝင်အားလုံးတို့ ဝန်ကြီးချုပ်ရုံး၌၄င်း တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

    ဂျပန်နိုင်ငံဝန်ကြီးချုပ်အနေဖြင့် မြန်မာနိုင်ငံ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးကို အထူးအားပေးနေကြောင်း၊ အထူးသဖြင့် မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေး၊ တိုင်းရင်းသားနယ်မြေများတွင် ဆင်းရဲမွဲတေမှုပပျောက်စေရေး၊ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ဂျပန်နိုင်ငံက အကူအညီဆက်လက်ပေးသွားမည်ဟု သူက ဆက်ပြောသည်။

    နိပွန် ဖောင်ဒေးရှင်း အနေဖြင့် တိုင်းရင်းသား ဒေသများသို့ ဒေါ်လာ ၃ သန်းခန့် အကူအညီ ပေးရန်ရှိပြီး ကနဦး ရှေ့ပြေးအနေဖြင့် မွန်နှင့်ကရင် ဒေသများတွင် ဒေါ်လာ ၃ သိန်းတန် ရိက္ခာနှင့် ဆေးဝါးများကို လွန်ခဲ့သည့် ဒီဇင်ဘာလမှ အကူအညီစတင်ပေးအပ်ခဲ့သည်။

    ယခုလ ၆ ရက်နေ့တွင် နိပွန်ဖောင်ဒေးရှင်းက မွန်ဒေသအတွက် ဆန် ၃၅၀ဝ အိတ်ကိုလည်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှတဆင့် ပေးအပ်ခဲ့သည်ဟု သိရသည်။
    UNFC ကိုယ်စားလှယ်တို့သည် ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် နိပွန်ဖောင်ဒေးရှင်းဖိတ်ကြားမှုဖြင့် ဂျပန်နိုင်ငံသို့ ပထမအကြိမ်သွားရောက်ခဲ့ပြီး ဖြစ်သည်။
    တဖန် ယနေ့ရက်စွဲဖြင့် UNFC ၏ ယခုဂျပန်ခရီးစဉ် သတင်းထုတ်ပြန်ချက် ၂/၂၀၁၃ ကို ဗဟိုရုံးကထုတ်ပြန်ခဲ့သည်။

    ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီသည် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဖြစ်ပေါ်စေရန်အတွက် ဂျပန်နိုင်ငံအပါအဝင် အခြားနိုင်ငံများနှင့် အဖွဲ့အစည်းတို့၏ ဝန်းရံပံ့ပိုးမှုကို ရယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် နိဂုံးပိုင်းတွင် ရေးသားဖေါ်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks