spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းထားဝယ် စီမံကိန်း ကာကွယ်ရန် ပြည်သူ့စစ်ကဲ့သို့ အဖွဲ့ဖွဲ့မည်ဟု အစိုးရဆို

    ထားဝယ် စီမံကိန်း ကာကွယ်ရန် ပြည်သူ့စစ်ကဲ့သို့ အဖွဲ့ဖွဲ့မည်ဟု အစိုးရဆို

    -

    Dawei Watch – ထားဝယ်စီမံကိန်းကို ဖြစ်မြောက်အောင်ဆောင်ရွက်ရာတွင် အဟန့်အတားဖြစ်စေသူများကို ကာကွယ်ရန်အတွက် ပြည်သူ့စစ် အဖွဲ့ကဲ့သို့ အဖွဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေက ပြောကြားသည်။

    ထားဝယ်စီမံကိန်း ဧရိယာအတွင်း တည်ဆောက်မည့် လုပ်ငန်းခွင်တနေရာ
    ထားဝယ်စီမံကိန်း ဧရိယာအတွင်း တည်ဆောက်မည့် လုပ်ငန်းခွင်တနေရာ
    ထားဝယ်မြို့တွင် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကျင်းပသည့် ထားဝယ် အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

    လူမှုအဖွဲ့အစည်းများသည် ထားဝယ်စီမံကိန်းကို ဖျက်လိုဖျက်ဆီးပြုလုပ်နေပြီး ထိုရန်ကို ကာကွယ်ရန် ပြည်သူ့စစ်ကဲ့သို့သော အဖွဲ့ဖွဲ့စည်းရန် တွေးတောမိကြောင်း ဦးဘုန်းဆွေက ပြောခဲ့သည်။

    “ပြည်သူ့စစ်အဖွဲ့လိုပေါ့။ ရန်သူက ပေါ်လာပြီလေ။ ပြည်သူ့စစ်ဆိုတာ ရန်သူရှိလို့ ဖွဲ့တာမဟုတ်လား”ဟု ဦးဘုန်းဆွေက ပြောသည်။

    ဌာနဆိုင်ရာမှ ဝန်ထမ်းများ၊ ထားဝယ်မြို့ခံ မြို့မိမြို့ဖများ၊ ထားဝယ်စီမံကိန်း ဧရိယာရှိ ကျေးရွာများမှ ဒေသခံများ အပါအဝင် လူဦးရေ တစ်ရာကျော် ထိုအစည်းအဝေးကို တက်ရောက်ခဲ့ပြီး ‘ကျေးရွာများ စနစ်တကျ ပြောင်းရွေ့ရေးနှင့် နှောင့်ယှက်မှုများကို ကာကွယ်ရေး’ အထက်ပါကဲ့သို့သော အဖွဲ့ ဖွဲ့စည်းရန် သဘောတူခဲ့သည်။

    သမ္မတကြီး ဦးသိန်းစိန်သည် နိုင်ငံရေးဖြစ်ထွန်းမှုများတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့် အရေးပါမှုကို အမှန်တကယ်ယုံကြည်ကြောင်း လူထုအခြေပြုအဖွဲ့အစည်းများနှင့် တွေ့ဆုံပြောဆိုအပြီး ရက်ပိုင်းအကြာ ပြုလုပ်သော ယင်းဆွေးနွေးပွဲတွင် ထားဝယ်စီမံကိန်းကို လူမှုအဖွဲ့အစည်းများ ဖျက်ဆီးနေကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဒုတိယဝန်ကြီးတစ်ဦးက ထိုသို့ လူသိရှင်ကြား ပြောကြားလိုက်ခြင်းဖြစ်သည်။

    ထားဝယ်ဒေသတွင် ထားဝယ်စီမံကိန်းကြောင့် ဒေသခံများထိခိုက်နစ်နာမှုမရှိစေရေး ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (DDA)၊ ထားဝယ် ၈၈ မျိုးဆက်ကျောင်းသားများ၊ နဘုလယ်ဒေသတွင် ကျေးရွာအလိုက် ဖွဲ့စည်းထားသည့် ကော်မတီများ၊ ထားဝယ်-ထိုင်း လမ်းဖောက်လုပ်ရာဒေသတွင် ဖွဲ့စည်းထားသည့် ၁၂ ရွာ စုပေါင်း ကော်မတီများ အပါအဝင် အခြား လူထုအခြေပြု အဖွဲ့အစည်းများက သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေးခြင်းစသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

    ဒေသခံအဖွဲ့အစည်းများအနေနှင့် ထားဝယ်စီမံကိန်းကို ပျက်စီးစေလိုသည့် ဆန္ဒဖြင့် လုပ်ကိုင်နေခြင်းမဟုတ်ဘဲ ဒေသခံများကြုံတွေ့နေရသည့် နစ်နာမှုများ၊ ညစ်ညမ်းစက်မှုဇုန်များနှင့် ပတ်သက်သည့် ကိစ္စများကို အသိပညာပေးနေကြောင်း၊ ‘ထားဝယ်စီမံကိန်းတစ်ခုလုံးကို မလိုချင်ဟု ပြောနေခြင်းမဟုတ်ဘဲ ညစ်ညမ်းစက်မှုဇုန်များကိုသာ မလိုချင်’ ဟု ပြီးခဲ့သည့် လပိုင်းအတွင်းက ရှင်းလင်းစွာ တုန့်ပြန်ပြောကြားခဲ့ပြီးဖြစ်သည်။

    သို့သော် ဦးဘုန်းဆွေကမူ လူမှုအဖွဲ့အစည်းများကို ရည်ညွန်း၍ အောက်ပါအတိုင်း ပြောဆိုသည်။

    “အခု သူတို့လုပ်တာက စီမံကိန်း ပျက်စီးရာ ပျက်စီးကြောင်းကို ရည်ညွန်းပေမယ့် စီမံကိန်းကြီးမလုပ်ပါနဲ့ လို့ တစ်ခွန်းမှ မပြောရဲဘူး”

    ယခုဖွဲ့စည်းမည့် ပြည်သူ့စစ်ကဲ့သို့သောအဖွဲ့ (ခေါ်) စီမံကိန်းဖြစ်မြောက်ရေးအတွက် ဌာနဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်ပေး ရမည့် ကော်မတီကို ကျေးရွာတစ်ရွာလျှင် ဆယ်ဦးနှုန်းဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ထားဝယ်စီမံကိန်း ဧရိယာတွင် ဖွဲ့စည်းထားသည့် ငါးဦးကော်မတီများနှင့် မတူဟု အပင်ရေတွက်ခြင်းနှင့် လျှော်ကြေး ကိစ္စများကို ဌာနဆိုင်ရာများနှင့်အတူ လိုက်ပါ ဆောင်ရွက်ပေး နေသည့် ထားဝယ်မြို့မိမြို့ဖ အဖြစ်အစည်းအဝေး တက်ရောက်ခဲ့သူ ဦးအောင်မျိုးက ဆိုသည်။

    “အခု ဖွဲ့မယ် ကော်မတီက အစိုးရနဲ့ ပူးပေါင်းပြီး စီမံကိန်း ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမယ့် ကော်မတီပါ” ဟု ဦးအောင်မျိုးက ဆိုသည်။

    လူမှုရေးနှင့် ပြန်လည်နေရာချထားရေး ဒု ဝန်ကြီး ဦးဘုန်းဆွေ အဆိုပြုသည့် ကော်မတီများကို ယခုအပတ်အတွင်း စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်သူများက သဘောတူခဲ့သည်။

    ထားဝယ်စီမံကိန်းကို ၂၀၁၀ ခုနှစ်ကတည်းက မြေပြင်လုပ်ငန်းများကို စတင်ခဲ့သော်လည်း အီတာလျှံထိုင်း ကုမ္ပဏီ၏ ဘဏ္ဍာရေး အခက်အခဲ၊ စံနှုန်းမဲ့ခြင်း ကြောင့် ဖြစ်လာသည့် လျှော်ကြေးပြဿနာများ စသည့် ပြဿနာများနှင့် ကြုံနေရပြီး စီမံကိန်း အကောင်အထည်ဖော်မှု နှောင့်နှေးလျှက်ရှိသည်။

    ယင်းနောက် ၂၀၁၂ ခုနှစ်တွင် ထိုင်းနှင့် မြန်မာ အစိုးရခြင်းအကောင်အထည်ဖော်သည့် စီမံကိန်းအဖြစ် အသွင်ပြောင်းခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks