spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းအမေရိကန်သံအမတ်နှင့်အဖွဲ့ မွန်ဆရာတော်များအားတွေ့ဆုံခဲ့

    အမေရိကန်သံအမတ်နှင့်အဖွဲ့ မွန်ဆရာတော်များအားတွေ့ဆုံခဲ့

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရက်ခ်မစ်ချဲလ်အပါအဝင်အဖွဲ့ဝင် ၃ ဦးတို့သည် ငြိမ်းချမ်းရေးအကျိုးဆောင် အထင်ကရမွန်ဆရာတော်များအား မွန်ပြည်နယ် မော်လမြိုင်မြို့ သိမ်ကုန်းရပ်ရှိ အောက်ပဲခူး၊ မွန်ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း၌ ဇန်နဝါရီလ(၁၃) ရက်နေ့တွင် လာရောက်တွေ့ဆုံခဲ့ကြသည်။

    အမေရိကန်သံအမတ်နှင့် မွန်နိုင်ငံရေးခေါင်းဆောင်များအမှတ်တရဓါတ်ပုံ(Facebook)
    အမေရိကန်သံအမတ်နှင့် မွန်နိုင်ငံရေးခေါင်းဆောင်များအမှတ်တရဓါတ်ပုံ(Facebook)

    ယင်းတွေ့ဆုံပွဲသို့ အထင်ကရ မွန်ဆရာတော်များဖြစ်ကြသည့် တရနာဆရာတော်(ကျိုက်မရော)၊ ဖားအောက် ဝေဠုဝန်ဆရာတော်၊ အောက်ပဲခူးဆရာတော်(မော်လမြိုင်)၊ ကော့ပလိုင်ဆရာတော်(ကျိုက်မရော)၊ သံဖြူဇရပ်-ဟံသာ ထောဆရာတော်အပါဝင် သံဃာတော် ၉ ပါးခန့်တက်ရောက်ခဲ့ကြသည်။

    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရက်ခ်မစ်ချဲလ်က လက်ရှိဖြစ်ပေါ်နေသော ငြိမ်းချမ်းရေးအခြေအနေများအပေါ် မွန်သံဃာတော်များ၏ လှုပ်ရှားမှုနှင့်ပတ်သက်၍ မေးမြန်းခဲ့ကြောင်း ဟံသာထောဆရာတော်ဘဒ္ဒန္တသီလဝန္တက မိန့်ကြားသည်။

    ဆရာတော်က “မွန်ပြည်သစ်ပါတီနဲ့ မြန်မာအစိုးရတို့ ပြည်နယ်အဆင့်ကနေ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးတဲ့အချိန်မှာ ဆရာတော်တို့လည်းပါဝင်ခဲ့တယ်ဆိုတော့ အမေရိကန်သံအမတ်က အခုဖြစ်ပေါ် နေတဲ့ငြိမ်းချမ်းရေးအခြေအနေတွေကိုမေးတယ်၊ ဆရာတော်တို့ကတော့ အဲဒီလက်မှတ် ရေးထိုးပြီးတော့ နောက်ဘာသတင်းမှလည်း ဆက်လက်မကြားသိတော့ဘူး၊ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်တဲ့ ဦးအောင်မင်းနဲ့လည်း ဘာအဆက်အသွယ်မှမရ ဘူးလို့ ပြောပြလိုက်တယ်” ဟု မိန့်ဆိုသည်။

    ထို့အပြင် မွန်သံဃာတော်များ၏ ပရိယတ္တိစာပေသင်ကြားမှုအနေအထား၊ မွန်ဘုန်းတော်ကြီးကျောင်းများနှင့် မွန်သံဃာတော်များ၏အရေအတွက်ကို အမေရိကန်သံအမတ်မေးမြန်းခဲ့သည်ဟုလည်း သိရသည်။

    ထို့အတူ ဇန်နဝါရီလ ၁၂ ရက်နေ့ ညပိုင်းတွင် မော်လမြိုင်မြို့ အတ္တရံဟိုတယ်၌ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်း၊ မွန်ဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်း၊ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်တလညီတို့အား အမေရိကန်သံအမတ်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

    ယင်းတွေ့ဆုံမှုတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရက်ခ်မစ်ချဲလ်က မွန်ပါတီတို့၏ အနေအထားနှင့် ငြိမ်းချမ်းရေးအခြေအနေတို့ကို မေးမြန်းခဲ့သည်။

    မွန်နိုင်ငံရေးပါတီများအနေဖြင့် လက်ရှိတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် ကချင်ဒေသအရေးကို အမေရိကန်အစိုးရအနေဖြင့် အမြန်ဆုံးဖြေရှင်းနိုင်ရေး အမေရိကန်သံအမတ်ကြီးအား တိုက်တွန်းခဲ့သည်ဟုလည်း နိုင်တလညီက ပြောသည်။

    ယခုခရီးစဉ်တွင် ပြည်နယ်များ၌ နေထိုင်ကြသူများ ကြုံတွေ့နေရသော ကိစ္စရပ်များ၊ လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် မြန်မာအစိုးရကြားရှိ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးမှုနှင့် လတ်တလောဖြစ် ပေါ်တိုးတက်မှု အခြေအနေများကို ဆွေးနွေးသွားနိုင်ရန်အတွက် မျှော်လင့်ကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့က ရန်ကုန်အမေရိသံရုံးထုတ်ပြန်ချက်တွင် ပါရှိသည်။

    သံအမတ်ကြီး ဒဲရက်ခ်မစ်ချဲလ်အနေသည် ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ သံအမတ်အဖြစ် စတင်တာဝန်ထမ်းဆောင်သည့်ကာလတွင် ဆူပူအကြမ်းဖက်မှု ဖြစ်ပွားနေသော ရခိုင်ပြည်နယ်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်သို့ သွားရာက်လေ့လာခဲ့ပြီး ဒုက္ခသည်စခန်းများကိုလည်း လူသားချင်းစာနာမှု အကူအညီများ ထောက်ပံ့ပေးအပ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks