spot_img
Thursday, January 8, 2026
More
    spot_img
    Homeသတင်းမွန်ဆရာတော်တစ်ပါး အဘိဓဇမဟာရဌဂုရုဘွဲ့တံဆိပ်တော် ချီးမြှင့်စာရင်းတွင် ပါဝင်

    မွန်ဆရာတော်တစ်ပါး အဘိဓဇမဟာရဌဂုရုဘွဲ့တံဆိပ်တော် ချီးမြှင့်စာရင်းတွင် ပါဝင်

    -

    မင်းတော်လဝီ – နိုင်ငံတော်မှ ချီးမြှင့်သည့် ၂၀၁၂ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာ အဘိဓဇမဟာရဌဂုရုဘွဲ့ တံဆိပ်တော်စာရင်းတွင် မွန်ပြည်နယ်မှ ဆရာတော်တစ်ပါး ပါဝင်ကြောင်း သိရသည်။

    နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ
    နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ
    အဘိဓဇမဟာရဌဂုရုဘွဲ့ ချီးမြှင့်ခံရသော ဆရာတော်သည် မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ကတိုးကျေးရွာ မဟာရင်ပရိယတ္တိစာသင်တိုက်မှ သက်တော် ၉၅ နှစ်ရှိ ဘဒ္ဒန္တအာဒိစ္စ ကျောင်းထိုင်ဆရာတော်ဖြစ်သည်။

    ကတိုးရွာ မဟာရင်ပရိယတ္တိစာသင်တိုက်မှ စာချဆရာတော် ဘဒ္ဒန္တ ဝိဝေကာနန္ဒ က “ဆရာတော်ကြီးကသာသနာအကျိုးကိုစွမ်းဆောင်နိုင်ပြီး ပရိယတ္တိစာပေလည်း ထူးချွန်တယ်၊ ဘာသန္တရ၊ ဒေသန္တရ ကျွမ်းကျင်တယ်၊ မဟာရင်ဂိုဏ်းရဲ့ အဓိပတိပါ” ဟု မိန့်သည်။

    ပညာဂုဏ်၊ သီလဂုဏ်၊ သမာဓိဂုဏ်နှင့်ပြည့်စုံတော်မူသော ဆရာတော်ဘုရားကြီးများအား အဘိဓဇမဟာရဌဂုရုဘွဲ့တံဆိပ်တော်ချီးမြှင့်ခံရခြင်းကို သင့်မြတ်လှသည်ဟု ဆရာတော်က မိန့်သည်။

    ဆရာတော်သည်အသက်ကြီးရင့်နေပြီးဖြစ်သော်လည်း ရဟန်း၊ သာမဏေများကို ပရိယတ္တိစာပေပို့ချခြင်း၊ တပည့် ဒါယကာများကို ဆိုဆုံးမ တရားဟောခြင်းများကို အခါအားလျှော်စွာ ပို့ချဟောပြောနိုင်သူဖြစ်သည်။

    ဇန္နာဝရီလ ၄ ရက်နေ့က နိုင်ငံတော်မှ ထုတ်ပြန်သည့်အမိန့်ကြော်ငြာစာ အရ အဘိဓဇမဟာရဌဂုရုဘွဲ့ တံဆိပ်တော် အလှူခံရရှိတော်မူသည့် ကတိုးရွာ မဟာရင် ဆရာတော် ဘုရားကြီးနည်းတူ ရန်ကုန်တိုင်း ဒေသကြီး ဆိပ်ကမ်းမြို့နယ် ရဲရိပ်သာရပ်ကွက်မွန်ပရိယတ္တိစာ သင်တိုက်မှ ဆရာတော်ဘဒ္ဒန္တ ကေသရ သည်လည်း အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ချီးမြှင့်ခံခဲ့ရသည်။

    “ဆရာတော်ကြီးကိုနိုင်ငံတော်က ဘွဲ့တံဆိပ်တော်ဆက်ကပ် လှူဒါန်းတာဟာရှေးမင်းများသာသနာ ကိုချီးမြောက်ခဲ့သလို ယခုအစိုးရကချီးမြောက်နေတာကိုသာဓုခေါ်ပါတယ်၊ ယခုအကြိမ်မှာသာသနာမှာ အမြင့်ဆုံးဘွဲ့တံဆိပ် ကို မွန်ဆရာတော်တပါးက အလှူခံရရှိတာကို ဝမ်းသာလှပါတယ်” ဟု သံဖြူဇရပ်မြို့ ဘဒ္ဒန္တ သီလစာရ ဟံသာထောဆရာတော်က မိန့်သည်။

    အဘိဓဇမဟာရဌဂုရုဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူသော ကတိုးရွာမဟာရင်စာတိုက် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တအာဒိစ္စသည် မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကွမ်ယိုက်ကျေးရွာမှာ ၁၂၇၉ ခုနှစ် တန်ခူးလပြည့်ကျော် (၆)ရက် တနင်္ဂနွေနေ့၌ အဖနိုင်စိန်တင်၊ အမိမိမျှားမှ ဖွားမြင်သန့်စင်တော် မူပြီး သားသ္မီး၇ဦးအနက်အထွေးဆုံးသားရ တနာဖြစ်သည်။

    ထို့အပြင် ပရိယတ္တိစာပေများကိုကွမ်ယိုက်ရွာ၊ တောကနားရွာ၊ ကတိုးမဟာရင်စာသင်တိုက်၊ ရန်ကုန်မြို့ ခြောက်ထပ်ကြီးစာသင်တိုက်အသီးသီး၌ ပရိယတ္တိစာပေကိုလေ့လာသင်ကြားခဲ့သည်။

    ၁၃၁၀ခု နှစ်တွင် နိုင်ငံတော်မှကျင်းပသည့်ဓမ္မာစာရိယစာမေးပွဲကို ခြောက်ထပ်ကြီးစာသင်တိုက်မှ ဝင်ရောက်ဖြေဆိုရာမှာ မွန်ဘာသာဖြင့် ဓမ္မာစရိယဘွဲ့ကို ပထမဦးဆုံးရရှိတော်မူသော ရဟန်း တစ်ပါးဖြစ်ခဲ့သည်။

    အဆင့်မြှင့်ပရိယတ္တိစာပေများကို မန္တလေးမြို့ဘုရားကြီးတိုက်နှင့် ဘာသန္တရ၊ ဒေသန္တရ ဘာသာရပ် များကို သီရိလင်္ကာနိုင်ငံသို့လည်းလေ့လာသင်ကြားခဲ့သည်ဟု တိုက်အုပ်ဆရာတော်က မိန့်သည်။

    ထိုကဲ့သို့ ပရိယတ္တိ၊ ပဋိပတ္တိဓူရနှစ်ပါးကိုကျင့်ကြံအားထုတ်ခဲ့ပြီး ပညာဂုဏ်၊ သီလဂုဏ်၊ သမာဓိ ဂုဏ်နှင့်ပြည့်စုံတော်မူသောဆရာတော်ကို ၁၃၅၂ ခုနှစ်မှာ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်၊ ၁၃၆၅ ခုနှစ်တွင် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်၊ ၁၃၇၄ ခုနှစ်၌ အဘိဓဇမဟာရဌဂုရု ဘွဲ့တံဆိပ်တော်ကိ်ုအလှူခံရရှိတော်မူသည်။

    “ဒီနှစ် နိုင်ငံတော်ကဆရာတော်များကိုဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းရာမှာ မွန်ဆရာတော်များက ရရှိနေကျပဲ၊ မနှစ်က လေးပါးအလှူခံရရှိတယ်၊ ဒီနှစ်မွန်ဆရာတော်နှစ်ပါးရတယ်၊ တစ်ပါးကသာ သနာမှာအမြင့်ဆုံးဘွဲ့ရတယ်၊ နောက်တစ်ပါးကပရိယတ္တိစာပေပို့ချဘွဲ့မှာအမြှင့်ဆုံး ရလိုက်တယ်” ဟု မော်လမြိုင်မြို့ သုခကာရီမဟာရင် ကျောင်းမှ ဒါယကာတဦးက ပြောသည်။

    အဘိဓဇမဟာရဌဂုရုဘွဲ့တံဆိပ်တော်ချီးမြှင့်ခံရသော မွန်ဆရာတော်များဖြင့် ၁၉၈၁ ခုနှစ်တွင် မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မုဒွန်းရွာ ဆရာတော်ဘုရားဘဒ္ဒန္တကောသလ္လက ဦးစွာရရှိတော်မူပြီး ယခုဆရာတော် ဘဒ္ဒန္တအာဒိစ္စကတိုးရွာမဟာရင်စာသင်တိုက်သည် ဒုတိယ မြောက်ဆရာ တော်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts