Homeသတင်းနှစ်ကူးပွဲတော် ရှေးဟောင်း ကရင်ရိုးရာ ပစ္စည်းများပြခန်း လူထု စိတ်ဝင်စား

နှစ်ကူးပွဲတော် ရှေးဟောင်း ကရင်ရိုးရာ ပစ္စည်းများပြခန်း လူထု စိတ်ဝင်စား

-

Dawei Watch – တနင်္သာရီတိုင်း ထားဝယ်ဒေသ၊ မေတ္တာမြို့နယ်ခွဲတွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် ကရင်နှစ်သစ်ကူးပွဲတော်၌ လွန်ခဲ့သည့် နှစ်သုံးရာကျော်ကတည်းက အသုံးပြုခဲ့သော သမိုင်းဝင်ရှေးဟောင်း ကရင်ရိုးရာယဉ်ကျေးမှုပစ္စည်းများ ခင်းကျင်းပြသခဲ့သော ပြခန်းသည် ဒေသခံများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့ကြောင်း ထားဝယ်ဒေသ ကရင်စာပေ ယဉ်ကျေးမှုပြန့်ပွားရေး ကော်မတီဥက္ကဌ စောအေးမောင် ကပြောသည်။

ကရင်ရိုးရာပြခန်းသို့ လာရောက်ကြည့်ရှုနေသည့် သေဒခံများကို တွေ့ရစဉ်
ကရင်ရိုးရာပြခန်းသို့ လာရောက်ကြည့်ရှုနေသည့် သေဒခံများကို တွေ့ရစဉ်
ယင်း ကရင်ရိုးရာပြခန်း၌ ဆေးဆိုးပန်းရိုက်နည်းပညာမရှိမီ လွန်ခဲ့တဲ့နှစ် သုံးရာခန့် က သစ်ခေါက်ဆိုးဆေးဖြင့် ပြုလုပ်ထားသည့် အမျိုးသား/အမျိုးသမီး အင်္ကျ ီများ၊ ရွှေ ငွေနှင့် ကြေး သုံးမျိုးစပ်ထားသည့် ရှားပါး ဖားစည် တစ်လုံး၊ ခေတ်ဟောင်းလွယ်အိတ်နှင့် နှစ် တစ်ရာ ခန့် ရက်ကန်းစင်မရှိမီ အသုံးပြုခဲ့သော ဂျက်ခုတ်ခေါ် အင်္ကျ ီရက်လုပ်သောကိရိယာတို့ကို ပြသထားကြောင်း ၄င်းက ရှင်းပြသည်။

“စိတ်ချမ်းသာတယ် ကိုယ်ယဉ်ကျေးမှုဓလေ့ကိုပြန်မြင်ခွင့်ရတယ် အရင်ကကြုံတွေ့ဖူးပေမဲ့ အခု လောက်မပြည့်စုံဘူး အခုကဓါတ်ပုံတွေနဲ့ အထောက်အထားတွေ တွေ့ရတယ်” ဟု ဆင်ဖြူတိုင် ကျေးရွာ အသက် ၆၄ နှစ်အရွယ်ရှိသော ဦးအူကျ ကပြောဆိုသည်။

အဆိုပါ ပြခန်းတွင် ခေတ်အဆက်ဆက်က ဦးဆောင်လာခဲ့သော ပုဂ္ဂိုလ်များ၏ မှတ်တမ်းပုံများ၊ စာအုပ်စာပေများ၊ ကရင်လူမျိုးများ၏ ရိုးရာ အသုံးအဆောင်ပစ္စည်းနှင့် ရှေးဟောင်းပစ္စည်း ၄၁ မျိုး ပြသခဲ့သည်။

“ ဒါတွေ အားလုံးကို ဆယ်နှစ်လောက် အခက်အခဲ အများကြီးနဲ့ သိမ်းဆည်း စုစည်းထားခဲ့တာ” ဟု စောအေးမောင်က ဆိုသည်။

ပြခန်းဖြစ်မြောက်ရေးအတွက် KNU တပ်မဟာ(၄) မှ စာပေယဉ်ကျေးမှုဌာန ကဒိုစောအယ်နာ အဖွဲ့နှင့် ထားဝယ်ဒေသ ကရင်စာပေ ယဉ်ကျေးမှုပြန့်ပွားရေးကော်မတီတို့မှ စီစဉ်ခဲ့ခြင်းဖြစ်သည်။

မေတ္တာမြို့နယ်ခွဲတွင် ပြုလုပ်လျှက်ရှိသည့် ကရင်နှစ်သစ်ကူးပွဲတော်ကို အပစ်အခတ် ရပ်စဲပြီး နယ်မြေအေးချမ်းလာပြီဖြစ်၍ KNU ကရင်အမျိုးသားအစည်းအရုံး (မြိတ်-ထားဝယ်ခရိုင်) နှင့် သတ်မှတ်နယ်မြေသုံးခုမှ မြို့နယ်မှုးများညှိနှိုင်းကာ ဒေသခံနှင့် အဝေးရောက် ကရင်တိုင်ရင်း သားများ ပံ့ပိုးကူညီမှုဖြင့် လုပ်ဆောင်ခဲ့သည်။

“ပင်ပန်းခံပြီး ရှာဖွေထားတဲ့ပစ္စည်းတွေ ရှေး ဟောင်းလူကြီးတွေပုံကို ပြသခွင့်ရခဲ့တဲ့အတွက် လူတွေလည်းစိတ်ဝင်စားကြတယ် ပီတိလည်းဖြစ်မိပါတယ်” ဟု စောအေးမောင်ကဆိုသည်။

ကရင်နှစ်သစ်ကူးပွဲတော်ကို ထားဝယ်ဒေသ၌ ဇန်နဝါရီလ ၈ ရက်မှ ၁၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts