spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကချင်ဒေသစစ်ပွဲချက်ချင်းရပ်ရေး မလေးရှားရောက်တိုင်းရင်းသားများ မြန်မာသံရုံးရှေ့ဆန္ဒပြ

    ကချင်ဒေသစစ်ပွဲချက်ချင်းရပ်ရေး မလေးရှားရောက်တိုင်းရင်းသားများ မြန်မာသံရုံးရှေ့ဆန္ဒပြ

    -

    မင်းသုတ – ကချင်ဒေသအတွင်း ပြင်းထန်သောအစိုးရထိုးစစ်များချက်ချင်းရပ်တန့်ရေး မလေးရှားနိုင်ငံရောက် တိုင်းရင်းသားများက မြန်မာသံရုံးရှေ့၌ ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ကျွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။

    မလေးရှားနိုင်ငံ မြန်မာသံရုံးရှေ့ဆန္ဒပြလာရောက်ကြသည့် မွန်လူငယ်များ( Internet)
    မလေးရှားနိုင်ငံ မြန်မာသံရုံးရှေ့ဆန္ဒပြလာရောက်ကြသည့် မွန်လူငယ်များ( Internet)
    ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသားအင်အား ၅၀ဝ ကျော် ခလေးနှင့်လူကြီးများအပါအဝင် နာရီဝက်ခန့် ညီညွတ်စွာဆန္ဒပြခဲ့ကြသည်ဟု မလေးရှားနိုင်ငံ (လွတ်မြောက်နယ်မြေ)ရောက် မွန်လူငယ်ခေါင်းဆောင် နိုင်ဥက္ကာက ပြောသည်။

    နိုင်ဥက္ကာမွန်က “ပြည်တွင်းစစ် ချက်ချင်းရပ်၊ ထိုးစစ်ဆင်မှု ချက်ချင်းရပ်၊ မြန်မာ့လေတပ်မတော်ပြည်သူကို သတ်ဖို့မဟုတ်၊ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်တဲ့လုပ်ရပ် ချက်ချင်းရပ်၊ ပြည်တွင်းစစ်တွင်းလူမျိုးတုံး စစ်ဆင်မှုချက်ချင်းရပ်၊ ဓာတုဗေဒလက်နက်သုံးစွဲမှု ချက်ချင်းရပ်၊ ပြည်သူ့ဘဏ္ဍာ မတရားစစ်ကြွေး ဖြုန်းတီးရန်မဟုတ်၊ တိုင်းရင်းသူများအား မုဒိန်းကျင့်မှု ချက်ချင်းရပ်၊ တိုင်းရင်းသားအခွင့်အရေးများကို လေးစားပါ၊ ပင်လုံစာချုပ်ချက်ချင်းအကောင်အထည်ဖေါ်ပါ၊ ကချင်စစ်ပြေး ဒုက္ခသည်များအား ချက်ချင်းကူညီပါ” စသည်ဖြင့် ကျွေးကြော်ခဲ့ကြသည်ဟု ပြောသည်။

    ထို့အပြင် စစ်မှန်သည့်ပြည်ထောင်စုပေါ်ပေါက်ရေး တို့အရေး၊ တန်းတူအခွင့်အရေးရရှိရေး တို့အရေး၊ What do we want “Justice” ပိုစတာများကိုင်ဆောင်လျှက် မြန်မာသံရုံးသို့ အထက်ပါအချက်အလက်များပါဝင်သော တောင်းဆိုချက်စာတစ်စောင်ကို ပေးပို့ခဲ့သည်ဟုလည်း သိရသည်။

    ခရစ်စမတ်ကာလမှ မြန်မာအစိုးရတပ်ဖွဲ့က စစ်ရေးအရှိန်မြှင့်တင်၍ KIA ရှေ့တန်းစခန်းထောက် နေရာဖြစ်သည့် လဂျားယန်စခန်း ပွိုင့် ၇၇၁ တောင်ကုန်းကို ၂၀၁၂ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အစိုးရစစ်တပ်ကလေကြောင်းပစ်ကူ တိုက်ခိုက်မှုဖြင့် သိမ်းပိုက်ခဲ့ပြီး KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ဘက်သို့ ၁၂၀ မီလီမီတာ အမြောက်ကြီးများဖြင့် ယမန်နေ့တွင် ပစ်ခတ်မှုများစတင်ပြုလုပ်လာကြောင်း သတင်းဌာနများက ရေးသားဖေါ်ပြခဲ့သည်။

    ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာအနီး ဖွန်းပျဉ် ဘွန်တောင်ကုန်းစခန်းကို အစိုးရ စစ်တပ်က အင်အားအလုံးအရင်းဖြင့် ယနေ့တွင် ထိုးစစ်ဆင်နေသည်ဟုလည်း ကချင်ဒေသခံများထံမှ သိရသည်။

    လက်ရှိ ကချင်ဒေသတွင်း ပြင်းထန်သောအစိုးရထိုးစစ်များကို ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်နှင့် တရုပ်နိုင်ငံတို့က ဝေဖန်ထောက်ပြပြောဆိုမှုများပြုလုပ်လာကြသည်ကို သတင်းများတွင် ရေးသားကြသည်။

    ပြည်တွင်းနိုင်ငံရေးပါတီများ၊ ABSDF ကျောင်းသားတပ်မတော်၊ DKBA တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့တို့ကလည်း ကချင်စစ်ပွဲနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။

    ကေအိုင်အိုအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်(၁၁)ဖွဲ့ပါဝင်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ ဒုတိယအကြိမ်ညီလာခံကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယနေ့မှစတင်၍ ကျင်းပနေသည်။

    မြန်မာအစိုးရ၏ ပြင်းထန်သောထိုးစစ်များဆက်လက်ပြုလုပ်နေပါက နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရန်ကိစ္စများ နှောင့်နှေးနိုင်သည်ဟု UNFC အထွေထွေအတွင်းရေးမှူးက လွန်ခဲ့သည့်သီတင်းပတ်တွင် ပြောကြားခဲ့သည်။

    တဖက်တွင်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့က တိုင်းရင်းသား ပြည်သူလူထုအားလုံးနှင့်အတူ လက်တွဲဆောင်ရွက်သွားရန် အစဉ်လက်ကမ်း ကြိုဆိုလျက်ရှိပြီး ကေအိုင်အို/ကေအိုင်အေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks