spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းအမြန်ဆုံး နိုင်ငံရေးဆွေးနွေးရေး ပြုလုပ်ကြရန် မွန်ပြည်သစ်ပါတီ တောင်းဆို

    အမြန်ဆုံး နိုင်ငံရေးဆွေးနွေးရေး ပြုလုပ်ကြရန် မွန်ပြည်သစ်ပါတီ တောင်းဆို

    -

    မင်းသုတ – တစ်နိုင်ငံလုံးအတိုင်းအတာဆောင်သော အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေး အဖြေရှာရေး အမြန်ဆုံးလုပ်ဆောင်ကြရန် မွန်ပြည်သစ်ပါတီက အလေးအနက်တောင်းဆိုလိုက်သည်။

    မွန်ပြည်သစ်ပါတီ-နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗိန်ခိုင်း(IMNA)
    မွန်ပြည်သစ်ပါတီ-နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗိန်ခိုင်း(IMNA)
    လက်ရှိဖြစ်ပေါ်နေသော ပြင်းထန်သည့်ကချင်ဒေသထိုးစစ်အပေါ် ထိုင်း-မြန်မာနယ်စပ် ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်၌ ပြီးခဲ့သည့် ဇန်နဝါရီလ (၄) ရက်နေ့တွင် အရေးပေါ် ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးကျင်းပခဲ့ပြီး ယင်းကဲ့သို့တိုက်တွန်းတောင်းဆိုခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗိန်ခိုင်းက ပြောသည်။

    နိုင်ဟံသာဗိန်ခိုင်းက “ကချင်ဒေသမှာ အစိုးရရဲ့ပြင်းထန်တဲ့ထိုးစစ်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေအတွက် ကျနော်တို့အထူးစိတ်မကောင်းဖြစ်ရပါတယ်၊ အမြန်ဆုံး တစ်နိုင်ငံလုံးအပစ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးသွားကြဖို့ ကျနော်တို့ထပ်မံတောင်းဆိုပါတယ်” ဟု ပြောသည်။

    ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်နေ့တွင်ထုတ်ပြန်ခဲ့သော ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ထုတ်ပြန်ကျေညာချက်ကို မွန်ပြည်သစ်ပါတီက အလေးအနက်ထောက်ခံသည် ဟုလည်း သူကဆက်ပြောသည်။

    ၂၀၁၂-ခု ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် ဗမာ့တပ်မတော်က ကချင်လွတ်လပ်ရေးအဖွဲ့(KIO) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIO) ဌာနချုပ်တည်ရှိရာလိုင်ဇာမြို့ကိုသိမ်းပိုက်နိုင်ရန် လဂျားယန်နှင့် နာမ်ဆန်ယန်အနီးရှိ (KIA) တပ်စခန်းများကို ဂျက်တိုက်လေယာဉ်၊ စစ်သုံးရဟတ်ယာဉ်၊ ရော့ကက်လောင်ချာ၊ ၁၀၅-၁၂၀ မမ လက်နက်ကြီးများအကြိမ်ပေါင်းများစွာတိုက်ခိုက်နေသည့်လုပ်ရပ်အား UNFC က အပြင်းအထန် ကန့်ကွက်သည်ဟု ဖေါ်ပြပါရှိသည်။

    ယင်းလေကြောင်းတိုက်ခိုက်မှုကို ကနဦးအစပိုင်းတွင် အစိုးရပြောရေးဆိုခွင့်ရှိသူများငြင်းပယ်ခဲ့သော်လည်း နောက်ပိုင်းတွင် အစိုးရဖက်ကဝန်ခံပြောဆို၍ သတင်းထုတ်ပြန်မှုများ ပြုလုပ်လာသည်။

    တဖက်တွင်လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့က နိုင်ငံတော်အစိုးရသည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ရာ ကေအိုင်အို/ ကေအိုင်အေနှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ဇန်နဝါရီလ ၄ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ချက်(၁/၂၀၁၃) တွင် ဖော်ပြထားသည်။

    UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက “ကချင်တွေနဲ့တိုက်ပွဲပြင်းထန်နေတယ်ဆိုတော့ ဆွေးနွေးပွဲတွေ နှောင့်နှေးသွားနိုင်တယ်။ တွေ့ဆုံဆွေးနွေးဖို့ ပြည်တွင်းလား ပြည်ပလား ဆိုတာကိုလည်းအဖြေပေးဖို့ခက် ပါတယ်။ နှစ်ဖက်တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ သဘောတူညီမှုရှိနေပါလျှက်နဲ့ စစ်ရေးအရ ပြင်းပြင်း ထန်ထန်ထိုးစစ်ဆင်လာတာဟာ အစိုးရအနေနဲ့ အပြောတမျိုး အလုပ်တမျိုး မရိုးသားတဲ့ သဘောထား ရှိတယ်ဆို တာကိုပြသလိုက်တာဖြစ်တယ်” ဟု ပြောခဲ့သည်။

    UNFC ဒုတိယအကြိမ်ညီလာခံကို မနက်ဖြန် ဇန်နဝါရီလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ တိုင်းရင်းသားလက်နက်ကိုင် ၁၁ ဖွဲ့မှ ခေါင်းဆောင်များ ထိုင်းနိုင်ငံ-ချင်းမိုင်မြို့သို့ အဆင်သင့်ရောက်ရှိနေပြီဟု သိရသည်။

    မွန်ပြည်သစ်ပါတီက ဥက္ကဌနိုင်ထောမွန်၊ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၊ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် လယီကောင်းနှင့် ရုံးအဖွဲ့ဝင် နိုင်ခွယ်ဟောင်းမွန်တို့ UNFC ဒုတိယအကြိမ်ညီလာခံကို တက်ရောက်ကြမည် ဖြစ်သည်။

    ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တွင် ကချင် KIO၊ ကရင် KNU၊ ချင်း CNF၊ မွန် NMSP၊ ကရင်နီ KNPP၊ ရှမ်း SSPP၊ ပလောင် PSLF၊ လားဟူ LDU၊ ရခိုင် NUPA၊ ပအိုဝ်း PNLO၊ ဝ’ WNO (၁၁) ဖွဲ့တို့ဖြင့်ဖွဲ့စည်းထားပြီး ကချင် KIO တစ်ဖွဲ့တည်းသာ အစိုးရနှင့် အပစ်အခတ်ရပ်စဲမှု လက်မှတ် မရေးထိုးနိုင်ခဲ့သေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks