မင်းသုတ – မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဦးအောင်မင်းအဖွဲ့နှင့် ညီညွတ် သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ကိုယ်စားလှယ်တို့ နိုင်ငံရေးဆွေး နွေးပွဲကျင်းပ သွားရန် သဘောတူညီမှုရရှိထားသော်လည်း ယခုအခါအစိုးရတပ်ဖွဲ့က ကချင်ဒေသတွင်း ပြင်းထန်သောထိုးစစ်ဆင်နေခြင်းကြောင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးနှောင့်နှေးနိုင်သည်ဟု UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။
နိုင်ဟံသာက “ကချင်တွေနဲ့တိုက်ပွဲပြင်းထန်နေတယ်ဆိုတော့ ဆွေးနွေးရေးနှောင့်နှေးသွားနိုင်တယ်။ တွေ့ဆုံဆွေးနွေးဖို့ ပြည်တွင်းလား ပြည်ပလား ဆိုတာကိုလည်းအဖြေပေးဖို့ခက်နေတယ်။ နှစ်ဖက်တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ သဘောတူညီမှုရှိနေပါလျှက်နဲ့ စစ်ရေးအရ ပြင်းပြင်း ထန်ထန်ထိုးစစ်ဆင်လာတာဟာ အစိုးရအနေနဲ့ အပြောတမျိုး အလုပ်တမျိုး မရိုးသားတဲ့ သဘောထားရှိတယ်ဆို တာကိုပြသလိုက်တာဖြစ်တယ်” ဟု ပြောသည်။
ဦးအောင်မင်း ခေါင်းဆောင်သောမြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ဟံသာ ခေါင်းဆောင် သော UNFC ကိုယ်စားလှယ်တို့ လွန်ခဲ့သည့် နိုဝင်္ဘာလ (၉)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြစဉ် နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်း အရ တွေ့ဆုံဖြေရှင်းသွားရန်၊ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲနိုင်ရေးနှင့် ကချင်နှင့် လက်နက်ကိုင် ပဋိပက္ခဖြစ်ပေါ်လျှက်ရှိသောအဖွဲ့အစည်းများအတွက် UNFC ပါဝင်ညှိနှိုင်းဖြေရှင်းသွားရန် သဘောတူညီမှုရခဲ့သည်ဟု သူက ပြောသည်။
ဒီဇင်ဘာလ နောက်ဆုံးပတ် ခရစ်စမတ်ကာလမှစတင်၍ မြန်မာအစိုးရ တပ်မတော်စစ်ရေး အရှိန်မြှင့်တင်ခဲ့ရာတွင် ဂျက်တိုက်လေယာဉ်၊ စစ်သုံးရဟတ်ယာဉ်များဖြင့် ရော့ကက်လောင်ချာ၊ စစ်သေနတ်များပစ်ခတ်သည့်အပြင် ဗုံးကြဲခြင်း၊ ၁၀၅-၁၂၀ မီလီမီတာအမြှောက်များဖြင့် အကြိမ်ပေါင်းများစွာပစ်ခတ်တိုက်ခိုက်နေသည့်လုပ်ရပ်အား UNFC မှပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း ဇန်နဝါရီ(၁) ရက်နေ့စွဲဖြင့် ကျေညာချက်ထုတ်ပြန်ခဲ့သည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ကို တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့(၁၁) ဖွဲ့ဖြင့်၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ(၁၆) ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
၄င်းလေကြောင်းတိုက်ခိုက်မှုများကို အစပိုင်းတွင်အစိုးရတာဝန်ရှိသူများ ငြင်းဆိုခဲ့ကြသော်လည်း အမောင်းသင်ဂျက်လေယာဉ်များအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ယခုရက်ပိုင်းတွင် အစိုးရပြောရေး ဆိုခွင့်ရှိသူက ဝန်ခံပြောကြားခဲ့သည်ကို သတင်းဌာနများတွင် ဆက်လက်ဖော်ပြထားသည်။
မြန်မာအစိုးရ၏လေကြောင်းအင်အားအသုံးပြု ထိုးစစ်ဆင်မှုကိုဝန်ခံပြောကြားလာမှုအပြီး ၄င်းလေကြောင်း တိုက်ခိုက် ထိုးစစ်ဆင်မှုအပေါ် အလွန်အမင်း စိတ်ပျက်မိကြောင်း အမေရိကန် ပြည်ထောင်စုက ထုတ်ဖော်ပြောကြားခဲ့သည်။
ကချင်ပြည်နယ်တွင် ကချင်တိုင်းရင်းသားလက်နက်ကိုင်များကို အစိုးရစစ်တပ်က လေကြောင်းထိုးစစ်ဆင် တိုက်ခိုက်မှုများအပေါ်စိုးရိမ်မိကြောင်း၊ ၄င်းစစ်ပွဲအမြန်ဆုံးရပ်တန့်ရန်နှင့် အကောင်းဆုံး နည်းလမ်းရှာ၍ တွေ့ဆုံ ဆွေးနွေးမှုမှတဆင့် မတူညီမှုများကို ညှိနှိုင်း အဖြေရှာကြရန် ဇန်နဝါရီ ၂ ရက်နေ့တွင် ကုလသမဂ္ဂက တိုက်တွန်းခဲ့သည်။
“ပြည်တွင်းစစ် အနှစ်(၆၀) ကျော်ကာလအတွင်းမှာ ငွေအားလူအားအများအပြားကိုသုံးပြီး ဖြတ်လေးဖြတ်၊ ဝိုင်းပတ်ပိတ်ဆို့ စတဲ့အစီအစဉ်ကြီးများနဲ့ တိုင်းရင်းသားတော်လှန် ရေး အဖွဲ့အစည်းများကို တိုက်ခိုက်ခဲ့ပေမဲ့ ပျက်ပြုန်းသွားရတဲ့အဖွဲ့တွေဆိုလို့ မရှိခဲ့ပါဘူး။ ဒီလုပ်ရပ်ရဲ့အကျိုးဆက်က ကျယ်ပြန့်တဲ့ပြည်သူတွေငတ်မွတ်ပြီး တိုင်းပြည်ခေတ်နောက် ကျနေရတာကို သင်္ခဏ်းစာမယူနိုင်သေးပဲ လက်နက်နဲ့ပဲဆက်ပြီးဖြေရှင်းနေချင်သေးတဲ့ အာဏာရခေါင်းဆောင်တွေဟာ တနေ့ပြည်သူ့တရားခံတွေဖြစ်လိမ့်မယ်”ဟု နိုင်ဟံသာက ဆက်ပြောသည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ လွတ်လပ်ရေးစတင်ရရှိခဲ့ပြီး လပိုင်းတွင် မွန်၊ ကရင် စသည့်တိုင်းရင်းသားများ လက်နက်စွဲကိုင်တိုက်ခိုက်ရာမှ ပြည်တွင်းစစ် ယနေ့တိုင်ဆက်လက်ဖြစ်ရှိနေသည်ကို တွေ့ရှိနေရသည်။