spot_img
Friday, February 20, 2026
More
    spot_img
    Homeသတင်းမွန်နိုင်ငံရေး အကျဉ်းသားများအား ထောက်ပံ့နိုင်ရေးအတွက် ဗဟိုကော်မတီ အစည်းအဝေး ကျင်းပ

    မွန်နိုင်ငံရေး အကျဉ်းသားများအား ထောက်ပံ့နိုင်ရေးအတွက် ဗဟိုကော်မတီ အစည်းအဝေး ကျင်းပ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – မွန်နိုင်ငံရေး အကျဉ်းသားများနေ့ ဖြစ်မြောက်ရေး ကော်မတီ၏ ၅ ကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေး တရပ်ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မွန်ဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ပြီး ထောင်တွင်း ကျန်ရှိနေသေးသည့် မွန်နိုင်ငံရေး အကျဉ်းသားများအား ကူညီထောက်ပံ့ရန် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်း အခမ်းအနား ဦးဆောင်သူထံမှ သိရသည်။

    မွန်နိုင်ငံရေးအကျဉ်းသား မင်းမျိုးသွေးနှင့် နိုင်ယက္ခ(Internet)
    ထောင်တွင်း ကျန်ရှိနေသေးသည့် မွန်နိုင်ငံရေး အကျဉ်းသားများကို ကူညီထောက်ပံ့ရေးအတွက် ငွေတောင်းခံဖြတ်ပိုင်းများ ထုတ်ခြင်း၊ လက်ကမ်းစာစောင်နှင့် စတစ်ကာများ ဖြန့်ဝေခြင်း အစီအစဉ်များကို ယခုလကုန်ပိုင်းတွင် စတင်လုပ်ဆောင်သွားမည်ဟု အခမ်းအနား ဦးဆောင်သူ မွန်နိုင်ငံရေး အကျဉ်းသားဟောင်း နိုင်ယက္ခက ပြောသည်။

    သူက “အဓိက အစီအစဉ်နှစ်ခုပေါ့နော်။ ပထမက လက်ရှိထောင်ထဲမှာ ကျန်ရှိနေတဲ့ မွန်နိုင်ငံရေး အကျဉ်းသားတွေကို ရန်ပုံငွေရှာပြီး ကူညီထောက်ပံ့သွားဖို့ရယ်၊ နောက်တခုက လွတ်မြောက်လာတဲ့ မွန်နိုင်ငံရေး အကျဉ်းသားတွေကို စာရင်းကောက်ခံပြီးတော့ သူတို့ရဲ့ ကိုယ်ပိုင် အတ္ထုပတ္တိတွေ ထုတ်ဖို့ ကျနော်တို့ စီစဉ်ထားတယ်” ဟု ပြောသည်။

    အခမ်းအနားသို့ မွန်ဒီမိုကရေစီပါတီ (MDP)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)၊ မွန်ပြည်သစ်ပါတီမှ ကိုယ်စားလှယ်များ၊ မွန်နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် မွန်သံဃာတော်များ စုစုပေါင်း ၃၀ ကျော်ခန့် တက်ရောက်ခဲ့ သည်ဟုလည်း သူက ဆက်ပြောသည်။

    အခမ်းအနား သဘာပတိ မွန်ပြည်နယ်၊ ကျိုက်က္ခရောမြို့နယ်မှ ကော့ပလိုင်ဆရာတော် ဘဒ္ဒန္တ ဦးကေတုမာလာက ထောင်တွင်း ကျန်ရှိနေသော မွန်နိုင်ငံရေးအကျဉ်းသားများကို ဝိုင်းဝန်းကူညီ ထောက်ပံ့ကြသွားရန် သြဝါဒပေး တိုက်တွန်းခဲ့သည်။

    အစည်းအဝေးတွင် မွန်နိုင်ငံရေး အကျဉ်းသားများနေ့ ကော်မတီအတွက် အလုပ်ရုံ ဆွေးနွေးပွဲကို ၃ လ တကြိမ် ကျင်းပသွားရန်နှင့် ဗဟိုကော်မတီ အစည်းအဝေးကို ၆ လ တကြိမ် ကျင်းပသွားရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။

    လက်ရှိကောက်ခံ ရရှိထားသည့် စာရင်းအရ လွတ်မြောက်လာသည့် မွန်နိုင်ငံရေး အကျဉ်းသား ၆၀ ခန့် ရှိပြီး စုစုပေါင်း ၁၀ဝ ကျော်ခန့် ရှိနိုင်ကြောင်း နိုင်ယက္ခက ခန့်မှန်းထားသည်။

    “ကျနော်တို့ အလှုငွေ ဖြတ်ပိုင်းတွေ ဖြန့်ဝေပြီးရင် ရသလောက် ငွေတွေကို စုပြီး ထောင်ထဲမှာ ရှိနေတဲ့ မွန်နိုင်ငံရေး အကျဉ်းသားတွေ လိုအပ်တာတွေရှိရင် ကျနော်တို့ ဖြည့်ဆည်းပေးမယ်။ နောက်ထပ် နိုင်ငံရေးနဲ့ ပတ်သက်ပြီး ထောင်ကျသွားတဲ့ သူတွေ ရှိရင်လည်း ဒီအဖွဲ့အစည်းကနေ ထောက်ပံ့သွားပေးဖို့ စီစဉ်ထားတယ်” ဟု သူက ပြောသည်။

    နိုင်ယက္ခသည် နိုင်မျိုးသွေးနှင့်အတူ မွန်ပြည်သစ်ပါတီတွင် တာဝန်ထမ်းဆောင်ရင်း ၂၀ဝ၃ ခုနှစ်တွင် ယခင်စစ်အစိုးရ ထောက်လှမ်းရေးများ၏ ဖမ်းဆီးခြင်းကို ခံရကာ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံခဲ့ရသည်။ နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

    ထောင်မှ လွတ်မြောက်လာပြီးနောက် ထောင်၌ ကျန်ရှိနေသည့် မွန်နိုင်ငံရေး အကျဉ်းသားများအား ကူညီထောက်ပံ့ရန်အတွက် မွန်နိုင်ငံရေး အကျဉ်းသားများနေ့ ကျင်းပရေး ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့သည်။

    ကော်မတီတွင် ဥက္ကဌ နိုင်ယက္ခ၊ ဒုဥက္ကဌ (၁) ဒေါက်တာမင်းစိုးလင်း၊ ဒုဥက္ကဌ (၂) နိုင်လှအောင် စသည့် ဗဟိုကော်မတီဝင်၂၁ ဦး အပါအဝင် အဖွဲ့ဝင် ၆၀ ခန့် ပါဝင်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks