Friday, March 13, 2026
More
    spot_img
    Homeသတင်းမူးယစ်ဆေးဝါး သုံးစွဲ ရောင်းချသူ ၂၀ ကျော် မွန်ပြည်သစ် ဖမ်းဆီးရမိ

    မူးယစ်ဆေးဝါး သုံးစွဲ ရောင်းချသူ ၂၀ ကျော် မွန်ပြည်သစ် ဖမ်းဆီးရမိ

    -

    ရဲမွန် – မွန်ပြည်သစ်ပါတီ ဗဟိုအုပ်ချုပ်ရေးဌာနမှ ဦးစီးပြီး မူးယစ်ဆေးဝါး အန္တရာယ် တားဆီးတိုက်ဖျက်ရေး အစီအစဉ်ဖြင့် ထားဝယ်ခရိုင်အတွင်းတွင် နိုဝင်ဘာ လကုန်ပိုင်းမှ စ၍ ရက်သတ္တပတ် နှစ်ခုအတွင်း ရာဘ ခေါ် စိတ်ကြွမူးယစ်ဆေးဝါး သုံးစွဲ ရောင်းချသူ ၂၀ ကျော်ကို ဖမ်းဆီးရမိကြောင်း မွန်ပြည်သစ်ပါတီက ပြောသည်။

    မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပိုစတာ
    ထားဝယ်ခရိုင် ရေးမြို့နယ်အတွင်းတွင် နိုဝင်ဘာလ ၂၄ ရက်နေ့မှ စတင်ဖမ်းဆီးခဲ့ရာ လမိုင်းမြို့နယ်ခွဲ မော့ကနင်ရွာသစ်မှ ၆ ဦး၊ ကော့ဒွတ်ကျေးရွာမှ ၃ ဦး စသဖြင့် အသက် ၁၅ နှစ်မှ ၂၅ နှစ်အောက်ရှိ ရောင်းဝယ်သူ ၂ ဦး အပါအဝင် သုံးစွဲသူ လူငယ်များကို ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ထားဝယ်ခရိုင် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးတိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် နိုင်အောင်မငေး က ပြောသည်။

    “အစိုးရဘက်က တာဝန် ရှိသူတွေ လျစ်လျူရှုထားလို့ ဒီမြင်းဆေး (ရာဘ) တွေ များလာတာ၊ ကျနော်တို့ရဲ့ လူမျိုးမှာ ဖြစ်ရှိနေတဲ့ အန္တရာယ်ကို စိုးရိမ်လို့ ကျနော်တို့ ဖမ်းတာ” ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေး က ပြောသည်။

    စိတ်ကြွမူးယစ်ဆေးသည် မွန်ပြည်နယ်အတွင်းရှိ လူငယ်များအတွင်း ဆယ်စုနှစ် နှစ်ခုခန့် တွင်ကျယ်စွာ အသုံးပြုနေသော်လည်း အစိုးရဘက်မှ တာဝန်ရှိသူများက ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

    ယခုဖမ်းဆီးသည့် ကျေးရွာများသည် အစိုးရ သြဇာသက်ရောက်ရာ ဒေသများ ဖြစ်သော်လည်း နားလည်မှု ယူကာ မွန်ပြည်သစ်ပါတီက လက်နက်ခဲယမ်း အစုံအလင်ဖြင့် ဝင်ရောက် ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဆိုသည်။

    ဖမ်းဆီးထားသူများကို ခရိုင်ရုံးစိုက်ရာ ရေးမြို့နယ်၊ ဝယ်ဇင်ကျေးရွာတွင် ထိန်းသိမ်းထားပြီး ကိုယ်ကာယနှင့် စိတ်ဓါတ်ပိုင်း ကျန်းမာရေး ဆိုင်ရာ ပညာပေးမှုများ ပြုလုပ်ကာ အချို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း နိုင်အောင်မငေး က ပြောသည်။

    “တချို့က အရမ်းငယ်တယ်။ ကျောင်းနေအရွယ် ကလေးတွေ၊ သူတို့က နောက်နောင် မသုံးတော့ပါဘူး ဆိုပြီး ခံဝန်ကတိပေးတယ်၊ အုပ်ထိန်းသူကလည်း အာမခံပေးလို့ ပြန်လွှတ်ပေးတာ ရှိတယ်” ဟု သူက ပြောသည်။

    မွန်ပြည်သစ်ပါတီမှ ဝင်ရောက်ဖမ်းဆီးပြီး နောက်တွင် ဒေသခံ ရဲတပ်ဖွဲ့ကလည်း မူးယစ်ဆေးဝါး သုံးစွဲ ရောင်းဝယ်သူများကို လိုက်လံဖမ်းဆီးကာ ယမန်နေ့တွင် ရောင်းချသူတဦးကို စိတ်ကြွဆေး အလုံးပေါင်း ၁၇၀ ဖြင့် ဖမ်းဆီးရမိခဲ့သည်ဟု လမိုင်းမြို့မှ ရပ်မိရပ်ဖ တဦးက ပြောသည်။

    အလားတူ သထုံခရိုင်နှင့် မော်လမြိုင်ခရိုင်တွင်လည်း မွန်ပြည်သစ်ပါတီက မူးယစ်ဆေးဝါး နှိမ်နှင်းမှုများ လုပ်ဆောင်လျက် ရှိရာ ဒီဇင်ဘာလ ၂ ရက်နေ့တွင် တပ်ဖွဲ့ဝင် အင်အား ၃၀ ကျော်ဖြင့် သံဖြူဇရပ်မြို့နယ်၊ ကျုံကရုတ် ကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သူ အချို့ကို ဖမ်းဆီးရမိခဲ့သည်ဟု သံဖြူဇရပ်မြို့ခံတဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks