spot_img
Thursday, November 20, 2025
More
    spot_img
    Homeသတင်းဘုရားသုံးဆူရဲဖမ်းဆီးထားစဉ် သေဆုံးခဲ့သူအား ယနေ့တွင်မီးသင်္ဂြိုလ်

    ဘုရားသုံးဆူရဲဖမ်းဆီးထားစဉ် သေဆုံးခဲ့သူအား ယနေ့တွင်မီးသင်္ဂြိုလ်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ကရင်ပြည်နယ်၊ ကြားအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ ရဲစခန်းက ဖမ်းဆီးထားစဉ် သေဆုံးသွားသော ဦးသိန်းမြင့်(ခေါ်) ဦးသားငယ် အသက်(၄၇)နှစ်၏ ရုပ်အလောင်းကို ယနေ့မွန်းလွဲပိုင်းတွင် မီးသင်္ဂြိုလ်ခဲ့ကြောင်း ဆွေးမျိုးတော်စပ်သူတို့ထံမှ သိရသည်။

    ဘုရားသုံးဆူမြို့ပေါ် မတည်ငြိမ်မှုမြင်ကွင်း
    ရဲစခန်းက ဓါးပြမှုနှင့်ပစ္စည်းခိုးမှုစွပ်စွဲချက်များဖြင့် ဦးသားငယ်အား နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာမှ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်း၌ ဘုရားသုံးဆူမြို့ဆေးရုံတွင် သေဆုံးနေသည့်သတင်းကြားသိခဲ့ရကြောင်း ဝမ်းကွဲအစ်ကိုယ်ဖြစ်သူ ဦးစံသင်းက ပြောသည်။

    ဦးစံသင်းက “ဖမ်းသွားတုန်းက ကျန်းမာရေးကောင်းကောင်းပဲ၊ သေဆုံးပြီးတော့မှ ကျနော့်တို့ကို လာအပ်တယ်၊ ရဲတွေက ဘာတာဝန်မှ မယူဘူး၊ ကျနော်ကတော့ ရဲတွေရိုက်နှက်လို့ ခုလို သေဆုံးရတယ်လို့ယူဆတယ်” ဟု ပြောသည်။

    သေဆုံးသူ ဦးသားငယ်အား ရဲများဖမ်းဆီးခေါ်ဆောင်ခဲ့ချိန်တွင် ဆွေမျိုး၊ ရပ်ကွက်သားများနှင့် ရပ်ကွက်အုပ်ချုပ်ရေးရေးမှူတို့မှ မသိရှိကြောင်း ဦးစံသင်းက ပြောသည်။

    ဦးသားငယ်သည် ဘုရားသုံးဆူမြို့၌ ကျပမ်းအလုပ်လုပ်ကိုင်ရင်း ရပ်ကွက်(၁) မြသိန်းတန် ဓမ္မာရုံတွင် အစောင့်တစ်ဦးအဖြစ် နေထိုင်သူ ဖြစ်သည်။

    မြို့ခံဝန်ထမ်းတစ်ဦးက “တချို့ကတော့ အလောင်းဆေးရုံကိုရောက်လာတာ ဖျာလိမ့်နဲ့ ပတ်ထားတယ်လို့ ပြောဆိုသံတွေလည်း ထွက်နေတော့ မြို့ခံတွေအတော်မကြေမနပ် ဖြစ်နေတာ ဆန္ဒပြမလို ဖြစ်ခဲ့တယ်” ဟု ပြောသည်။

    ဘုရားသုံးဆူမြို့ခံ NLD ပါတီမှ ၄င်းမသင်္ကာဖွယ်သေဆုံးမှုနှင့်ကြောင့် ယမန်နေ့တွင် လူစုလူဝေးများ စုဖွဲ့မှုများဖြစ်ပေါ်ခဲ့သော်လည်း ဆန္ဒပြမှုများမရှိခဲ့ပေ။

    ဦးစံသင်းက “ကိုသားငယ်က ရိုးရိုးနဲ့သေဆုံးသွားခဲ့တာမဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လက်၊ ပေါင်၊ ဒူးနေရာတွေမှာ အမဲကွက်ဒဏ်ရာတွေ တွေ့ရတယ်၊ ပြီးတော့ မီးလောင်ထားတဲ့ ဒဏ်ရာမျိုးလည်း တွေ့တယ်၊ ဆရာဝန်ကတော့ သွေးတိုးရောဂါနဲ့ ချက်ချင်းသေသွား တယ်လို့ဆိုပဲ” ဟု ဆက်ပြောသည်။

    ယင်းကဲ့သို့ ဖမ်းဆီးချုပ်နှောင်ထားစဉ် သေဆုံးသူနှင့်ပတ်သက်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး စုံစမ်းစစ်ဆေးရေးနှင့်ခုံရုံးအဖွဲ့(စုံခုံ)က ဦးသားငယ်၏ရုပ်အလောင်းကို ယမန်နေ့တွင် ဘုရားသုံးဆူဆေးရုံ၌ လာရောက်စစ်ဆေးခဲ့ကြသည်ဟု သိရသည်။

    သို့ရာတွင် ဦးသားငယ်၏ သေဆုံးမှုနှင့်ပတ်သက်၍ ၄င်းစုံခုံအဖွဲ့၏ ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာမှ ထုတ်ပြန်ခြင်း မရှိသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,000SubscribersSubscribe
    spot_img

    Latest posts