Friday, March 13, 2026
More
    spot_img
    Homeသတင်းကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူလမ်းသစ် စတင်ဖေါက်လုပ်ပြီ

    ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူလမ်းသစ် စတင်ဖေါက်လုပ်ပြီ

    -

    မင်းသုတ – ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နှင့် ဘုရားသုံးဆူမြို့အထိ နွေမိုးဆောင်းသွားလာနိုင်မည့် မော်တော်ကားလမ်းသစ်ကို ယနေ့တွင်စတင်ဖောက်လုပ်နေပြီဟု ဘုရားသုံးဆူမြို့ ကေအဲန်ယူဆက်ဆံရေးရုံးမှ သိရသည်။

    ဘုရားသုံးဆူ နယ်စပ်သို့ သွားရောက်နိုင်မည့်လမ်းကြောင်းပြ မြေပုံ(Internet)
    ကြာအင်းဆိပ်ကြီးမြို့မှ ဘုရားသုံးဆူအနီး ချောင်းဆုံရွာသို့ ကနဦးဖောက်လုပ်မည့်ကျောက်ခင်းကားလမ်းမှာ အရှည် ၅၈ မိုင် ၂ ဖာလုံ၊ လမ်းအကျယ် ၁၂ ပေဖြစ်သည်ဟု မော်တော်ကားလမ်းဖောက်လုပ်သည့် ရွှေချောင်းဆုံကုမ္ပဏီ၏ ထုတ်ပြန်ချက်အရသိရသည်။

    ဘုရားသုံးဆူမြို့ ကေအဲန်ယူဆက်ဆံရေးရုံး အရာရှိတစ်ဦးဖြစ်သူ ဗဒိုစောထဲနေက “ချောင်းဆုံကနေ ဘုရားငုတ်တိုရွာအထိ တစ်ဖွဲ့၊ ကြာအင်းဆိပ်ကြီးကနေ ဘုရားငုတ်အထိတစ်ဖွဲ့ဆိုပြီး နှစ်ဖွဲ့ခွဲဖောက်လုပ်သွားမယ်” ဟု ပြောသည်။

    အဆိုပါမော်တော်ကားလမ်းမသည် ဇမိမြစ်ကြောင်း၏အရှေ့ဖက်ခြမ်း ကြာအင်းဆိပ်ကြီးမြို့မှ တံတားဦး၊ ဘုရားငုတ်တို၊ စနုံး၊ ကိုဒူကွဲ၊ ကျွန်းချောင်း၊ ချောင်းဆုံရွာအထိ သစ်တားတံတား ၅၅ ခုရှိမည်ဟုလည်း လမ်းဖောက်လုပ်ရေးစီမံချက်တွင် ဖော်ပြထားသည်။

    “ဒီနှစ်မိုးရာသီမှာ မော်တော်ကားတွေ ပြေးဆွဲနိုင်မယ်လို့ မျှော်မှန်းထားတယ်၊ တံတားတွေလည်းဆောက် လမ်းတွေလည်းဖောက်ရတော့ အချိန်မီပီးနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်” ဟု ဗဒိုစောထဲနေက ပြောသည်။

    အဆိုပါ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းဖောက်လုပ်ရေးစီမံကိန်းသည် မြန်မာနိုင်ငံတော်အစိုးရက ပြည်ထောင်စုအထူးပြင်ဆင်ထိန်းသိမ်းခြင်း ရံပုံငွေ ၂၀၁၂-၂၀၁၃ ဘတ်ဂျက်ကာလအတွင်း မြန်မာကျပ်ငွေ ၇၉၄ ဒဿမ ၉၅ သန်း ထောက်ပံ့ပေးထားသည်။

    ၄င်းဘတ်ဂျက်ကာလမှာ ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ လမ်းတံတားများ သတ်မှတ်လျာထားချက်များအတိုင်း အပြီးတည်ဆောက်ရမည် ဖြစ်သည်။

    မော်တော်ကားလမ်းဖောက်လုပ်သည့် ရွှေချောင်းဆုံကုမ္ပဏီသည် ကေအဲန်ယူနှင့်နီးစပ်သော ဘုရားသုံးဆူမြို့ခံများပါဝင်ပြီး နာယကမှာ ကေအဲန်ယူတပ်မဟာ ၆ ဒူးပလာယာခရိုင်ဥက္ကဌ ဗဒိုဦးရွှေမောင်း ဖြစ်သည်။

    အလားတူ ၆၃ ကီလိုမီတာရှိ မြဝတီ-ကော့ကရိတ်တောင်ပတ်လမ်းကိုလည်း ထိုင်းနိုင်ငံကဦးစီး၍ လွန်ခဲ့သည့်လတွင် စတင်ဖောက်လုပ်လျှက်ရှိသည်။

    ကေအဲန်ယူနှင့် မြန်မာအစိုးရ အပစ်ရပ်စဲမှုအပြီး ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်း လမ်းပမ်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ရေးအတွက် စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်နေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks