Friday, March 13, 2026
More
    spot_img
    Homeသတင်းလိုင်စင်မဲ့စက်တပ်ယာဉ်များ မော်လမြိုင်တွင် စတင်ဖမ်းဆီးတော့မည်

    လိုင်စင်မဲ့စက်တပ်ယာဉ်များ မော်လမြိုင်တွင် စတင်ဖမ်းဆီးတော့မည်

    -

    မင်းသုတ – လာမည့်တနင်္ဂနွေနေ့မှစ၍ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များအား ဖမ်းဆီးအရေးယူတော့မည်ဟု သိရသည်။

    မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ ရွှေမြိုင်ခန်းမ၌ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် လိုင်စင်မဲ့စက်တပ်ယာဉ်များနှင့်ပတ်သက်သော အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ရာ မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူး၊ မော်လမြိုင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူးများ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သတင်းမီဒီယာသမားများတက်ရောက်ခဲ့သည်ဟု မော်လမြိုင်မြို့ခံ သတင်းထောက်တစ်ဦးက ပြောသည်။

    မဲဆောက်မြို့တစ်နေရာမှ မြန်မာပြည်သို့ဝင်ရောက်မည့်မော်တော်ကားများ(Internet)
    ၄င်းက “ ကိုယ့်နယ်မြေမှာရှိတဲ့ လိုင်စင်မဲ့မော်တော်ကားနဲ့ ဆိုင်ကယ်တွေကို ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တဆင့် ရဲကိုအချိန်မီသတင်းပေးပို့ပြီး ဖမ်းဆီးသွားမယ်လို့ဆိုပါတယ်၊ ဥပဒေနဲ့မညီတဲ့လုပ်ငန်းတွေကို အုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေပူးပေါင်းဖေါ်ထုတ်ပေးဖို့လည်း ပါတယ်” ဟုပြောသည်။

    “ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေကတော့ သိပ်ကိုနည်းသွားပါပြီ၊ အခုလဆန်းပိုင်းမှာပဲ မော်တော်ဆိုင်ကယ်လိုင်စင်လုပ်တာ ရပ်ဆိုင်းလိုက်တယ်” ဟု မော်လမြိုင်မှ ဆိုင်ကယ်ပွဲစားတစ်ဦးက ပြောသည်။

    လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား ၅ လအကြာ တစ်နိုင်ငံလုံးအတွက် တရားဝင်လိုင်စင်ပြုပေးသည့်စီမံချက်သည်လည်း လွန်ခဲ့သည့်နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြီးဆုံးခဲ့ပြီး ဖြစ်သည်။

    ထို့အပြင် မော်လမြိုင်မြို့မြို့နယ် အုပ်ချုပ်ရေးမှူးက ၁၈-၁၁-၂၀၁၂ ရက်နေ့တွင် လိုင်စင်မဲ့စက်တပ်ယာဉ်များအား ဖမ်းဆီး အရေးယူ ဆောင်ရွက်မည့် အခြေအနေများကို မိမိရပ်ကွက်နေပြည်သူများ သိရှိလိုက်နာကြရန် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ကြော်ငြာအသိပေးသွားရန် ဆက်လက်မှာကြားခဲ့သည်။

    “၂၀ဝ၄ ကာလဝန်းကျင်လိုပဲ ကားကိုဖမ်းသိမ်းမယ်လို့ ပြောနေကြတာပဲ၊ နောက်တစ်ခုက အခွန်ဒဏ်ကြေးတွေဆောင်ရမယ်လို့လည်း ပြောနေကြတယ်၊ တိတိကျကျပြောရရင် ဖမ်းဆီးမယ်ဆိုတာက သေချာနေတယ်၊ ဒါပေမယ့် အခန့်မသင့်ရင် ပို့ကုန်သွင်းကုန် ဥပဒေနဲ့အရေးယူခံရနိုင်တယ်” ဟု မော်လမြိုင်မှ ကားပွဲစားရောင်းဝယ်နေသူ ကိုဇော်ဇော်က ပြောသည်။

    လွန်ခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုရဲစခန်းမှ လိုင်စင်မဲ့မော်တော်ယာဉ် ၃ စီး ဖမ်းဆီးရမိပြီး အဆိုပါယာဉ်မောင်း ၃ ဦးတို့အား ပို့ကုန်/ သွင်းကုန် ဥပဒေ ပုဒ်မ ၈ /၁ဝ အရ အရေးယူထားကြောင်း မြန်မာ့တပ်မတော်၏ မြဝတီသတင်းတွင် ဖေါ်ပြခဲ့သည်။

    လိုင်စင်မဲ့စက်တပ်ယာဉ်များအား ထိရောက်စွာအရေးယူနိုင်ရန်အတွက် အဖွဲ့စုံစစ်ဆေးရေးအဖွဲ့တွင် အကောက်ခွန်၊ ကညနဌာနအရာရှိများအပြင် သတင်းမီဒီယာသမားများလည်း ပါဝင်မည်ဟုသိရသည်။

    လက်ရှိတွင် ထိုင်းနိုင်ငံမှ တရားမဝင်နည်းလမ်းဖြင့် ပြည်တွင်းသို့ဝင်ရောက်ခဲ့သော မော်တော်ယာဉ်အစီးရေ တစ်သောင်းကျော်ရှိနေပြီဟု နယ်စပ်ကားအရောင်းအဝယ်လောကမှ ပြောဆိုနေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks