spot_img
Tuesday, July 29, 2025
More
    spot_img
    Homeသတင်းလက်ရှိမြန်မာနိုင်ငံသားဥပဒေ ပယ်ဖျက်သင့်ကြောင်း အဆိုအား တိုင်းရင်းသား ကိုယ်စားလှယ်များကန့်ကွက်

    လက်ရှိမြန်မာနိုင်ငံသားဥပဒေ ပယ်ဖျက်သင့်ကြောင်း အဆိုအား တိုင်းရင်းသား ကိုယ်စားလှယ်များကန့်ကွက်

    -

    မင်းသုတ – ကျင်းပဆဲအမျိုးသားလွှတ်တော်အစည်းအဝေး၌ လက်ရှိမြန်မာနိုင်ငံသားဥပဒေ ပယ်ဖျက်သင့်ကြောင်း အဆိုအား တိုင်းရင်းသားကိုယ်စားလှယ်များ ကန့်ကွက်ကြသဖြင့် မှတ်တမ်းအဖြစ်သာ ထားရှိမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်က ယမန်နေ့တွင်ဆုံးဖြတ်ခဲ့သည်။

    ပြည်ထောင်စုအစိုးရအား မြန်မာနိုင်ငံသားဥပဒေကိုအသစ်ရေးဆွဲပြဌာန်းပြီး လက်ရှိမြန်မာနိုင်ငံသားဥပဒေ(၁၉၈၂ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ်-၄)ကိုပယ်ဖျက်သင့်ကြောင်း အဆိုအား ပြည်ခိုင်ဖြိုးပါတီဝင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မြက တင်သွင်းခဲ့ခြင်းဖြစ်သည်။

    အမျိုးသားလွှတ်တော်အစည်းအဝေးမြင်ကွင်း(Internet)
    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဝင် မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၇) မှ ဒေါက်တာဗညားအောင်မိုးက “ပြည်ထောင်စုအစိုးရဟာ ဥပဒေပြုအဖွဲ့ မဟုတ်တဲ့အတွက် ဥပဒေကိုပယ်ဖျက်တာ အသစ်ပြဋ္ဌာန်းတာ လုပ်ပိုင်ခွင့်မရှိပါဘူး။ ဥပဒေကိုပြဋ္ဌာန်းဖို့နဲ့ပယ်ဖျက်ဖို့က လွှတ်တော်တာဝန်ဖြစ်တဲ့အတွက် လွှတ်တော်ကိုပဲ တိုက်တွန်းရမယ်၊ ဒါကြောင့်ဒီအဆိုကို ကန့်ကွက်တယ်” ဟု ပြောသည်။

    ဒေါက်တာဗညားအောင်မိုး၏တင်ပြချက်၌ နိုင်ငံသားဥပဒေတွင် ပြည်ထောင်စုတိုင်းရင်းသားစင်စစ်နိုင်ငံသား၊ ပြည်ထောင်စုတိုင်းရင်းသားမဟုတ်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရှိသူဟု သတ်မှတ်ချက်များရှိကြောင်း၊ ခိုင်မာသောနိုင်ငံသားဥပဒေရှိသော်လည်းမကျင့်သုံးလျှင်၊ တိုင်းရင်းသားနိုင်ငံသားစိတ်ဓာတ်မရှိလျှင် အချုပ်အချာအာဏာ လက်လွှတ်ဆုံးရှုံးသွားနိုင်သည်ဟုလည်း ပါရှိခဲ့သည်ဟု သိရသည်။

    အလားတူ အမျိုးသားလွှွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ မှ ဦးကျော်ကျော်၊ ဦးခင်မောင်လတ်၊ ဦးခင်မောင်(ခ) ဦးအောင်ကျော်ဦး၊ ဦးမောင်အေးထွန်း၊ ဦးအုန်းတင်နှင့် ‘ဝ’ ဒီမိုကရက်တစ်ပါတီမှ ဦးဆိုင်ပေါင်းနပ်တို့ကလည်း အထက်ပါအဆိုကို ကန့်ကွက်ခဲ့ကြသည်။

    ထို့အပြင် ပြည်ခိုင်ဖြိုးရေးပါတီမှ အမျိုးသားလွှွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးမန်းကံညွန့်နှင့်ဦးမောင်အေးထွန်းတို့က နိုင်ငံသားဥပဒေပြည့်စုံကောင်းမွန်သော်လည်း အနှစ် ၃၀ ခန့်ကြာမြင့်ခဲ့သည့်အလျှောက် လက်ရှိကာလနှင့်လျှော်ညီသော စကားရပ်များ ပြင်ဆင်သုံးစွဲနိုင်ပါက ပို၍အဆင်ပြေလိမ့်မည်ဟု တင်ပြခဲ့ကြသည်ဟု သိရသည်။

    ယနေ့ထုတ်ကြေးမုံသတင်းစာတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ မည်သည့်အခန်း၊ မည်သည့်ပုဒ်မသည် အားနည်းနေသောကြောင့် ပြင်ဆင်ရန်လိုအပ်ကြောင်းကို တိကျစွာအတည်ပြုထောက်ပြပေးသင့် ခေါင်းစဉ်ဖြင့် အထက်ပါဆွေးနွေးတင်ပြချက်များကို သတင်းရေးသားဖေါ်ပြခဲ့သည်။

    နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားများ၏ မှတ်ပုံတင်နှင့်အိမ်ထောင်စုစာရင်းများပြုလုပ်ရာ၌ တိုင်းရင်းသား မျိုးနွယ်စုများ၏ အမည်နာမဖြည့်စွက်ရေးသားရာတွင် မှားယွင်းမှုမရှိစေရေးအတွက် ဒေသခံတိုင်းရင်းသားများ ပါဝင်သောအဖွဲ့ဖြင့် ပူးပေါင်းလျှက် လိုအပ်သောကြိုတင်ပြင်ဆင် ဖွဲ့စည်းမှုများ ဆောင်ရွက်ပေးရန် ကရင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်းမြအောင်က ယမန်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေး၌ ဆက်လက်၍ အဆိုတစ်ရပ်တင်သွင်းခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,000SubscribersSubscribe
    spot_img

    Latest posts