spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းရွှေဓါတ်ငွေ့ ပိုက်လိုင်း အကျိုးဆက်ကြောင့် ပလောင်တိုင်းရင်းသား တစ်ထောင်ကျော် အိုးအိမ်စွန့်

    ရွှေဓါတ်ငွေ့ ပိုက်လိုင်း အကျိုးဆက်ကြောင့် ပလောင်တိုင်းရင်းသား တစ်ထောင်ကျော် အိုးအိမ်စွန့်

    -

    ရဲမွန် – ရွှေသဘာဝဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်း စီမံကိန်း အကျိုးဆက်ကြောင့် ဒေသခံ ပလောင်တိုင်းရင်းသား တစ်ထောင်ကျော် အိုးအိမ်စွန့်ကာ ထွက်ပြေးနေရကြောင်း တအာင်းပလောင်ကျောင်းသားနှင့် လူငယ်အစည်းအရုံး (TSYO) က ထုတ်ဖော်ပြောဆိုလိုက်သည်။

    ရခိုင်ပြည်နယ်မှ တိုင်းနှင့် ပြည်နယ် လေးခုကို ဖြတ်သန်းကာ တရုတ်နိုင်ငံသို့ သွယ်တန်းမည့် ယင်းပိုက်လိုင်း စီမံကိန်းနှင့် ပတ်သက်၍ ရှမ်းပြည်မြောက်ပိုင်း တအာင်းပလောင်ဒေသအတွင်းရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မန်တုံနှင့် နမ့်ခမ်းမြို့နယ် ၆ ခုသို့ ကွင်းဆင်းလေ့လာကာ “ပိုက်လိုင်း အိပ်မက်ဆိုး” အစီရင်ခံစာကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

    TSYO ၏“ပိုက်လိုင်း အိပ်မက်ဆိုး” အစီရင်ခံစာမျက်နှာဖုံး(TSYO)
    အစီရင်ခံစာအတွက် ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလထိ၊ ၂၀၁၁ ခုနှစ် မတ်လမှ ဇူလိုင်လထိ၊ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ မတ်လထိ၊ ဇွန်လမှ စက်တင်ဘာလထိ အချိန်အပိုင်းအခြား ၄ ခုတွင် တအာင်းပလောင်တိုင်းရင်းသား ၅၃ ဦးကို တွေ့ဆုံမေးမြန်း သုတေသနပြု မှတ်တမ်းတင်ကာ ထုတ်ပြန်ခြင်း ဖြစ်သည်ဟု ကွင်းဆင်းရာတွင် ပါဝင်သည့် TSYO မှ မိုင်အောင်ကို က ပြောသည်။

    ဒေသတွင်း တိုင်းရင်းသား လက်နက်အဖွဲ့အစည်းများအပေါ် ဖိအားပေးရန်၊ ပိုက်လိုင်းစီမံကိန်းနှင့် တရုတ် အလုပ်သမားများအတွက် လုံခြုံရေးပေးရန်အတွက် အစိုးရဘက်က စစ်စခန်း ၂၆ ခု တိုးချဲ့ချထားပြီး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဖြစ်ပွားသည့် စစ်ပွဲများကြောင့် ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးရခြင်း ဖြစ်သည်ဟု TSYO က ပြောသည်။

    “မန်တုံဘက်မှာ တဲထိုးပြီးတော့ ယာယီဒုက္ခသည်စခန်း ဖွင့်ထားတာ၊ အဲဒီမှာ တထောင်ကျော်လောက် ရှိမယ်။ နောက်ဆုံး ကျနော်တို့ ရရှိတဲ့ စာရင်းအရ ကွတ်ခိုင်ဘက်မှာလည်း စစ်ပြေးဒုက္ခသည်တွေ ၃ ထောင်နီးပါးလောက် ရှိတယ်။ ဒီအစီရင်ခံစာမှာတော့ မပါဘူး” ဟု TSYO အထွေထွေ အတွင်းရေးမှူး မိုင်အောင်ကို က ပြောသည်။

    ပိုက်လိုင်းသွယ်တန်းရာ ပလောင်ဒေသအတွင်းတွင် အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ လှုပ်ရှားရာဒေသ ဖြစ်သည်။

    ပိုက်လိုင်းကြောင့် ပလောင်ဒေသခံများ မြေသိမ်းခံရခြင်း၊ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ ပေါ်တာဆွဲခြင်းနှင့် လမ်းပြအဖြစ် ခေါ်ဆောင်ခြင်း၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်လည်း ကြုံတွေ့ကြရသည်ဟု အစီရင်ခံစာက ဆိုသည်။

    ၎င်းပြင် အသိမ်းခံရသည့် မြေများအတွက် လျှော်ကြေးငွေ ပေးနေသည်ဟု ဆိုသော်လည်း အနည်းအကျဉ်းသာ လျှော်ကြေးငွေ အပြည့်အဝ ရရှိပြီး အချို့မှာ အပြည့်အဝ မရရှိခြင်းနှင့် လုံးဝ မရရှိခြင်းများလည်း ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

    “စစ်တပ်အသိုင်းနဲ့ နီးစပ်တဲ့လူတွေ၊ တရုတ်စကား ပြောတတ်တဲ့လူတွေလောက်ပဲ ဒီလျှော်ကြေးကို ရပြီးတော့ ခပ်များများက မရကြဘူး” ဟု မိုင်အောင်ကို က ပြောသည်။

    အရှည်ကီလိုမီတာ ၄၀ဝ၀ ကျော် ရှိသည့် “မြန်မာ – တရုတ်ပိုက်လိုင်းများ” ကို သွယ်တန်း လုပ်ဆောင်ခွင့် ရသည့် တရုတ်အမျိုးသား ရေနံကုမ္ပဏီ – China National Petroleum Company (CNPC) သည် တရုတ်နိုင်ငံ ရေနံမိခင် ကုမ္ပဏီတခု ဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အကြီးဆုံးသော ပေါင်းစည်းစွမ်းအင် ကုမ္ပဏီတခုလည်း ဖြစ်သည်။

    လက်ရှိတွင် ရှမ်းပြည်နယ်အတွင်း ၇၀ ရာနှုန်း၊ ပိုက်လိုင်းတလျှောက်လုံး၏ ၆၅ ရာနှုန်းကို သွယ်တန်း ဆောက်လုပ်ပြီးစီးပြီ ဖြစ်ကာ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလတွင် လုံးဝပြီးမြောက်မည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း အေ (၁) နှင့် အေ (၃) လုပ်ကွက်တွင် ခန့်မှန်း ကုဗပေ ၄.၅ ထြီလီလျံမှ ၇.၇ ထြီလီလျံအထိ ရှိပြီး တရုတ်နိုင်ငံသို့ ၂ဝ၁၃ ခုမှစ၍ နှစ်ပေါင်း ၃ဝ ခန့် ရောင်းချရာမှ မြန်မာအစိုးရသည် အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ ရရှိမည်ဟု ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ထားသည်။

    ထိုစီမံကိန်းကြောင့် ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လယ်ယာမြေ ဧကပေါင်း ၁၅,ဝဝဝ သိမ်းပိုက်ခံနေရသည်ဟုလည်း ရှမ်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့က ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks