spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းဘိန်းစာရွက်ကို စီးပွားဖြစ်စိုက်ပျိုးလာပြီဟု မွန်လွှတ်တော်အမတ်တစ်ဦးပြော

    ဘိန်းစာရွက်ကို စီးပွားဖြစ်စိုက်ပျိုးလာပြီဟု မွန်လွှတ်တော်အမတ်တစ်ဦးပြော

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်တောင်ပိုင်းနှင့် ကရင်ပြည်နယ်ထိစပ်ဒေသအချို့တွင် လူငယ်များမူးယစ်ဆေးအဖြစ် အသုံးပြုနေကြသော ဘိန်းစာရွက်ကို စီးပွားဖြစ်စိုက်ပျိုးနေကြကြောင်း သံဖြူဇရပ်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မြေ မွန်ပြည်နယ်လွှတ်တော်အမတ် နိုင်ဦးက ပြောသည်။

    သို့ရာတွင် မည်သည့်ကျေးရွာနယ်မြေဒေသတွင် စီးပွားဖြစ်စိုက်ပျိုးနေကြသည်ကို ထည့်သွင်း ပြောကြားခြင်း မပြုခဲ့ပေ။

    ဘိန်းစာပင်များကို မွန်ပြည်သစ်ပါတီမှ ခုတ်ဖြတ်ဖျက်ဆီးခဲ့စဉ်(NMSP)
    “တနေ့တခြား လူငယ်တွေ ဘိန်းစာရွက်သုံးတဲ့အခြေအနေ ပိုဆိုးလာတယ်၊ ဆယ်ကျော်သက် လူငယ်တွေက ဒီအရွက်ကို မရမကလိုက်ဝယ်ကြတယ်၊ ကျိုချက်ပြီး အခြားဆေးပစ္စည်းနဲ့အချိုရည်ရောနှော သုံးစွဲနေတာကို နေ့တိုင်းလိုလို သတင်းကြားသိနေရတယ်” ဟု နိုင်ဦးက ဆက်ပြောသည်။

    ဘိန်းစာရွက်ကို ကျန်းမာရေးဝန်ကြီးဌာနက မူးယစ်ဆေးအဖြစ် သတ်မှတ်ကြေညာပြီးဖြစ်၍ ဖမ်းဆီး အရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြီးခဲ့သည့် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးပြောဆိုမှုများရှိခဲ့သည်။

    ဘိန်းစာရွက်နှင့်ပတ်သက်၍ သက်ဆိုင်ရာက ဖမ်းဆီးရမိသည့်သတင်း မကြားသိရသေးပေ။

    ယခုအခါ ဘိန်းစာရွက်တစ်ရွက်လျှင် လက်ရှိငွေကျပ်တစ်ရာပေးပြီး ဝယ်ယူနေရကြောင်း သုံးစွဲခဲ့သူ သံဖြူဇရပ်မြို့နယ်မှ အမည်မဖေါ်လိုသူလူငယ်တစ်ဦးက ပြောသည်။

    “တစ်ကြိမ်ပြုတ်ရင် ဆယ်ရွက်၊ ဆယ့်ငါးရွက်ကနေ အရွက်သုံးဆယ်အထိ ထည့်ရတယ်၊ ချောင်းဆိုး ပျောက်ဆေး၊ ကော်ဖီမစ်၊ မီးချောင်းအတွင်းကပြဒါးမှုန့်၊ ခြင်ဆေးခွေပြာမှုန့်၊ ထိုင်းကလာတဲ့လီအို ဆေးတစ်မျိုးရောပြီး ထည့်သောက်ရင်အရသာက လက်ဖက်ရည်ကော်ဖီတို့ထက်ပိုကောင်းတယ်၊ ကိုယ်လက်ပေါ့ပါးတယ်၊ များများသောက်ရင် မူးမေ့တတ်တယ်” ဟု အထက်ပါလူငယ်က ဆက်ပြောသည်။

    အရှေ့တောင်အာရှတွင် အလေ့ကျပေါက်ပင်အဖြစ် တွေ့ရှိရသော ရုက္ခဗေဒအခေါ် Mitragyna specious အပင်အမျိုးအစားဘိန်းစာရွက်ကို ထိုင်းဘာသာအားဖြင့် “ကရထောင်” ဟု ခေါ်ဆိုပြီး မွန်ပြည်သစ်ပါတီ NMSP ထိန်းချုပ်နယ်မြေများ၌ ထိုဘိန်းစာရွက်ပင်ကို မူးယစ်ဆေးဝါးအဖြစ် တားမြစ်ထားသည်။

    လွန်ခဲ့သည့်လပိုင်းမှစ၍ မွန်ပြည်သစ်ပါတီ ဗဟိုအုပ်ချုပ်ရေးဌာနမှ ဦးစီး၍ ဘိန်းစာရွက်အပါအဝင် မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ရောင်းဝယ်သူများအား ကြားသိတွေ့ရှိပါက ဆက်သွယ် သတင်းပေးနိုင် ကြောင်း မွန်ကျေးရွာ၊ မြို့ပေါ်များတွင် ကြေညာပိုစတာကပ်ခြင်း၊ ပညာပေးဟောပြောခြင်းတို့ ပြုလုပ်လျှက်ရှိသည်။

    ထိုင်းနယ်စပ်နှင့်နီးစပ်သော မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများတွင် အခါအားလျှော်စွာ ဘိန်းစာပင်များကို လိုက်လံဖျက်ဆီးခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks