spot_img
Thursday, February 19, 2026
More
    spot_img
    Homeအယ်ဒီတာ့အာဘော်ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ မှ ပြည်သူလူထု၏ အသံ

    ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ မှ ပြည်သူလူထု၏ အသံ

    -

    လွန်ခဲ့သည့် စက်တင်ဘာလ (၂၁) ရက်သည် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ဖြစ်သည်။ ငြိမ်းချမ်းရေး အနှစ်သာရကင်းမဲ့လှသည့် မြန်မာနိုင်ငံတွင် စိတ်၏ ငြိမ်းချမ်းရေး၊ ခန္ဓာကိုယ်၏ ငြိမ်းချမ်းရေး ရှာမတွေ့ သည်မှာ ကာလရှည်ကြာလှပြီ ဖြစ်ပေသည်။ ယခုကဲ့သို့ ဒီမိုကရေစီ၏ လွတ်လပ်မှုအရိပ်အယောင်နှင့်အတူ ပြည်သူတို့ ၏ ငြိမ်းချမ်းရေးဆန္ဒ ပြဆိုမှုသည် ၁၉၆၂-၁၉၆၃ ခုနှစ် နောက်ပိုင်း ပထမအဆုံးကြိမ်ဟု ဆိုနိုင်ပေသည်။

    ငြိမ်းချမ်းရေး၏ ဆန့် ကျင်ဘက်မှာ စစ်ပွဲများသာ ဖြစ်ပေသည်။ စစ်ပွဲ၏ အကျိုးရလာဒ်ကား သေကြေမှု၊ ထိခိုက်ဒဏ်ရာရမှု၊ အစားအစာငတ်ပြတ်မှု၊ ပြောင်းရွေ့ ရမှုနှင့် အခြားသော ဒုက္ခအသွယ်သွယ်သာ ဖြစ်ပေသည်။ တိုက်ပွဲ၏အကျိုးဆက်ကား စစ်ဖြစ်ပွားသောဒေသအတွင်း ရှိနေသည့် (တိုင်းရင်းသား) ပြည်သူများ အတိဒုက္ခရောက်ရုံသာမကပဲ၊ စစ်ပွဲအတွင်း စစ်စရိတ်အများအပြား အသုံးပြုသောကြောင့် တိုင်းပြည်၏ ဖွံ့ ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် အသုံးမပြုနိုင်သည့်အတွက် တတိုင်းပြည်လုံးအတွက် စီးပွားရေး၊ လူမူရေး အစစအရာရာ နောက်ကျမည် ဖြစ်ပေသည်။

    ထို့ ကြောင့် စက်တင်ဘာလ (၂၁) ရက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ဆန္ဒပြပွဲတွင် ကချင်ဒေသတွင် စစ်ပွဲများရပ်တန့် ရေးအတွက် ရန်ကုန်ရှိ ပြည်သူများက တောင်းဆိုရခြင်းပင် ဖြစ်ပေသည်။ တိုင်းပြည်၏ ထောင့်တနေရာတွင် ငြိမ်းချမ်းရေး မရှိခြင်းသည် တတိုင်းပြည်လုံးအား ထိခိုက်နိုင်သည့် အသိပင် ဖြစ်ပေသည်။ စစ်ပွဲကြောင့် အတိဒုက္ခ ရောက်ကြရသည့် ကချင်ပြည်သူများအပေါ် ဗမာနှင့် အခြားသော တိုင်းရင်းသားပြည်သူများမှ စာနာခြင်းကို ပြသခြင်း ဖြစ်ပေသည်။ သမတကြီး ဦးသိန်းစိန် ပြောကြားသည့် ‘ထာဝရငြိမ်းချမ်းရေး’ တည်ဆောက်ရန်အတွက် လက်တွေ့ ကျကျ ထိုးစစ်များ ရပ်စဲရန် ပြည်သူများ တောင်းဆိုနေပေသည်။

    ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှအပ၊ အခြားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်း အားလုံးကား အစိုးရနှင့် ပဏာမအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိထားပြီး ဖြစ်သည်။ ယခုအခါ အစိ်ုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တစုတစည်းတည်း ပြုလုပ်ရန်အတွက် ပြင်ဆင်နေသော်လည်း ကချင်ဒေသတွင် တိုက်ပွဲမရပ်စဲသေးသော အခြေအနေကြောင့် အခက်အခဲ ကြုံတွေ့နေရပေသည်။ ကချင်ဒေသတွင် စစ်ပွဲများ မရပ်သေးပါက၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မပြုလုပ်ရန် တိုင်းရင်းသားလူမျိုးများကောင်စီမှ တိုက်တွန်းထားပေသည်။

    ယခု (၂၁) ရာစုနှစ် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် (၁၉၆၃) ခုနှစ် ဗိုလ်ချူပ်နေဝင်းမှ ပြုလုပ်သည့် ဝတ်ကြေတန်းကြေ တဖက်သတ် လက်နက်ချရေးကို ဦးတည်သည့် ဆွေးနွေးပွဲမျိုး မဖြစ်သင့်ပေ။ အဘယ့်ကြောင့် အတိတ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မအောင်မမြင်ဖြစ်ခဲ့သည်ကို သတိချပ်သင့်ပေသည်။

    ယခုသမတဦးသိန်းစိန်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင်ဆင့်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအနေဖြင့် တရားဝင် နိုင်ငံရေးပါတီအနေဖြင့် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲတွင် ဝင်ရောက်ကာ မိမိတို့ ၏ နိုင်ငံရေး လိုအပ်ချက်များကို ပါလီမန်တွင် တရားဝင် တောင်းဆိုရန် ပြဆိုထားသည်။ တချိန်တည်းတွင် တပ်မတော်တခုတည်း ဖြစ်ရန်ကိုလည်း သမတက တင်ပြထားပေသည်။

    တိ်ုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများအနေဖြင့် မိမိတို့ ၏ အမျိုးသားအခွင့်အရေး၊ တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတို့ အတွက် နှစ်ပေါင်း (၅၀-၆၀) တိုက်ပွဲဝင်ခဲ့သည်။ ၄င်းတို့ ၏ အမျိုးသားအခွင့်အရေးအား မည်သို့ မှ အာမခံချက် မပေးပဲ လက်နက်ချရေးလမ်းစဉ်သို့ သွတ်သွင်းပါက ပြည်တွင်းစစ်ကို ပြန်လည် ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေပေမည်။

    ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ တွင် ပြည်သူလူထု၏ အသံကို သမတကြီးနှင့် အစိုးရအဖွဲ့ ဝင် နှင့် ပါလီမန်အမတ်များ သိရှိပြီး ဖြစ်သည်။ ယခု (၂၁) ရာစုနှစ်တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် နှစ်ပေါင်း (၅၀-၆၀) ၏ စစ်ရေးပဋိပက္ခအား နိုင်ငံအားဖြင့် ဖြေရှင်းကာ သမတကြီး မိန့် ကြားသကဲ့သို့ ‘ထာဝရငြိမ်းချမ်းရေး’ ဖြစ်သင့်ကြောင်း တင်ပြလိုက်ရပေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks