spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းတိုင်းရင်းသားညီလာခံကျင်းပရန် မွန်အလုပ်ရုံပွဲဆွေးနွေးပြီးပြီ

    တိုင်းရင်းသားညီလာခံကျင်းပရန် မွန်အလုပ်ရုံပွဲဆွေးနွေးပြီးပြီ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဦးစီးသော ထိုင်းမြန်မာနယ်စပ်တိုင်းရင်းသားညီလာခံတရပ်တွင် ပါဝင်ဆွေးနွေးနိုင်ရေး မွန်တိုင်းရင်းသားများ အလုပ်ရုံဆွေးနွေးပွဲတရပ် ယနေ့တွင်ကျင်းပပြီးစီးခဲ့သည်။

    နိုင်ဟံသာ မိန့်ခွန်းပြောကြားစဉ်(Photo-IMNA)
    ယင်းအလုပ်ရုံဆွေးနွေးပွဲကို ထိုင်းမြန်မာနယ်စပ်ရှိ မွန်ပြည်သစ်ပါတီရုံးတွင်ကျင်းပခဲ့ရာ မွန်ပြည်သစ်ပါတီ၊ မွန်ရေးရာအဖွဲ့ချုပ်၊ မွန်လူမှုအဖွဲ့အစည်းများနှင့် မွန်သတင်းဌာနများမှကိုယ်စားလှယ် စုစုပေါင်း ၅၀ ဦးကျော် တက်ရောက်ခဲ့ကြသည်။

    “ကျနော်တို့ကျင်းပမယ့် ဒီတိုင်းရင်းသားညီလာခံကနေ ပြည်တွင်းမှာလည်းအလားတူ ညီလာခံတွေကျင်းပနိုင်ဖို့နဲ့ ဒုတိယပင်လုံညီလာခံဖြစ်မြောက်တဲ့အခါ ပါဝင်နိုင်ဖို့အတွက်ပါ မျှော်မှန်းထားပါတယ်” ဟု တိုင်းရင်းသားညီလာခံဖြစ်မြောက်ရေးတာဝန်ခံ UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ယင်းအလုပ်ရုံဆွေးနွေးပွဲ၌ မိန့်ခွန်းပြောကြားခဲ့သည်။

    အလားတူအလုပ်ရုံဆွေးနွေးပွဲများကို သက်ဆိုင်ရာတိုင်းရင်းသားနယ်မြေများတွင် ပြုလုပ်နေသည်ဟုလည်း သိရသည်။

    “UNFC အဖွဲ့ဝင် ၁၁ ဖွဲ့အပြင် အဖွဲ့ဝင်မဟုတ်တဲ့ ရခိုင်၊ မိုင်းလား၊ ရှမ်း SSA နဲ့ UWSA အဖွဲ့တွေအနေနဲ့ ဒီတိုင်းရင်းသားညီလာခံမှာ ပါဝင်လာမယ်လို့လည်း ကျနော်တို့မျှော်လင့်ထားပါတယ်” ဟု နိုင်ဟံသာက ပြောသည်။

    သို့ရာတွင် အဆိုပါတိုင်းရင်းသားညီလာခံကျင်းပမည့် နေရာနှင့်နေ့ရက်ကို မသတ်မှတ်ရသေးဟု သူက ဆက်ပြောသည်။

    အဆိုပါ တိုင်းရင်းသားညီလာခံအတွက် မွန်ပြည်သစ်ပါတီမှ ၄ ဦး၊ မွန်ရေးရာအဖွဲ့ချုပ် MAU မှ ၂ ဦး၊ မွန်လူမှုအဖွဲ့အစည်းများမှ ၄ ဦး၊ တတ်သိပညာရှင်တစ်ဦးတို့က မွန်တိုင်းရင်းသားကိုယ်စားပြုတက်ရောက်မည် ဖြစ်သည်။

    တိုင်းရင်းသားညီလာခံရည်ရွယ်ချက်သည် မြန်မာနိုင်ငံ၏ငြိမ်းချမ်းဖြစ်စဉ်များတွင် တိုင်းရင်းသားများကိုင်စွဲရမည့် မူဝါဒများကိုချမှတ်နိုင်ရန် ညီလာခံခေါ်ဆောင်ရခြင်းဖြစ်ကြောင်း UNFC ခေါင်းဆောင်များ ပြောကြားခဲ့ကြသည်။

    ယနေ့အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများအနေဖြင့် မွန်ပြည်နယ်ရှိ ပြည်သူများ၊ မွန်ပါတီများ၊ မွန်လူမှုအသင်းအဖွဲ့များနှင့်အတူ အလားတူအလုပ်ရုံဆွေးနွေးပွဲများကျင်းပနိုင်ရန် တောင်းဆိုမှုများရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks