Wednesday, March 18, 2026
More
    spot_img
    Homeသတင်း၄၁ နှစ်မြောက်မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နေ့အခမ်းအနားကျင်းပ

    ၄၁ နှစ်မြောက်မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နေ့အခမ်းအနားကျင်းပ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ၄၁ နှစ်မြောက် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ အခမ်းအနားကို မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

    မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန် မိန့်ခွန်းပြောကြားစဉ်(Photo-NMSP)
    အခမ်းအနားသို့ မွန်ပြည်သစ်ပါတီဥက္ကဌနိုင်ထောမွန်၊ ဒုဥက္ကဌနိုင်ရော့စ၊ တွဲဖက်အတွင်းရေးမှူး နိုင်အောင်မင်း၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်လယီကောင်း၊ စစ်ဦးစီးမှူး ဗိုလ်မှူးကြီးပလောရော့တို့နှင့် ဗဟိုဌာနချုပ်မှ စစ်သည်အင်အား ၁၀ဝ ကျော်ခန့်တက်ရောက်ကြသည်။

    ဗိုလ်မှူးချုပ်လယီကောင်းက “မွန်တစ်မျိုးသားလုံးသာမက အခြားဘဝတူညီနောင် တိုင်းရင်းသား တွေအားလုံးအနေနဲ့ မိမိကြမ္မာဖန်တီးနိုင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်မရရှိသမျှကာလပတ်လုံး မိမိတို့ ကိုယ်ကိုကာကွယ်ဖို့အတွက် လက်နက်ကိုင်တိုက်ပွဲဆင်နွှဲရတာဟာ ရှောင်လွဲလို့မရနိုင်တဲ့ သမိုင်းပေးတာဝန်တရပ်ဖြစ်တယ်လို့ ဥက္ကဌကြီးကမိန့်ခွန်းပြောခဲ့တယ်” ဟု ပြောသည်။

    ထို့အပြင် မွန်ပြည်သစ်ပါတီဥက္ကဌကြီး၏ မွန်ဘာသာဖြင့်ပေးပို့သော ၄၁ နှစ်မြောက်တပ်မတော်နေ့ သဝဏ်လွှာတွင် လက်ရှိမြန်မာအစိုးရ၏အပြောင်းအလဲများဖေါ်ဆောင်နေမှု၌ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြုပြင်ရေးတွင် အဓိကအနှစ်သာရများပြောင်းလဲနေသည်ကို မတွေ့ရှိရသေးသည့်အပြင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ တောင်းဆိုနေကြသော အများလက်ခံနိုင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများလည်း မဖြစ်ပေါ်သေးသည့်အတွက် “ထမင်းဆုပ်ကိုပဲ မဲမနေပဲနဲ့တုတ်ကိုလည်း သတိမူသင့်” ကြောင်း၊ တပ်နဲ့ပါတီကို ပိုမိုခိုင်ခိုင်မြဲမြဲတည်ဆောက်သွားရမည်ဖြစ်ကြောင်း ရေးသား ဖေါ်ပြထားသည်။

    “ ဒီအခမ်းအနားမှာ ကလေးအခွင့်အရေးနဲ့ပတ်သက်ပြီး ဂျနီဗါကော သဘောတူညီချက် ၁၆ ချက်ကို ကျနော်ရှင်းပြတယ်၊ ဒီသဘောတူညီချက်တွေကို အခုအချိန်ကစပြီး ကျနော်တို့ စတင် အကောင် အထည် ဖေါ်နေပြီ” ဟု ဗိုလ်မှူးချုပ်လယီကောင်းက ဆက်ပြောသည်။

    အခမ်အနားတက်ရောက်သူများ(Photo-NMSP)
    ကလေးများကာကွယ်ရေးနှင့်ပတ်သက်၍ ဂျနီဗါကောသဘောတူညီချက်ကို မွန်ပြည်သစ်ပါတီ (NMSP)ကိုယ်စား နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗိန်ခိုင်းနှင့် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(MNLA)ကိုယ်စား ဒု-စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်လယီကောင်းတို့ ယခုလ ၂ ရက်နေ့တွင် ဆွစ်ဆာလန်နိုင်ငံ၊ ဂျနီဗါမြို့၌ သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။

    မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗိန်ခိုင်းက “သက်ဆိုင်ရာမွန်ပြည်သစ်ပါတီ ဌာနတွေ တပ်ရင်းတပ်ဖွဲ့တွေကို သဘောတူညီချက်ပါအချက်အလက် စာစောင်တွေ ဖြန့်ဝေပေးရမယ်၊ လိုက်နာရမယ့်အချက်တွေကိုလည်း သင်တန်းပေးရမယ်၊ စစ်သင်တန်းတွေမှာလည်းပို့ချပေးသွားမယ်၊ ဒေသခံပြသည်သူတွေကိုလည်း အသိပေးသွားမယ်”ဟု ပြောသည်။

    ၄င်းအပြင် မိမိတပ်ဖွဲ့ဝင်များအနေဖြင့် စည်းကမ်းလိုက်နာမှုရှိမရှိ၊ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ပါတီနှင့်တပ်ပူးပေါင်း၍ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းသွားရန်နှင့် NGOs အဖွဲ့များ၊ စောင့်ကြည့်စုံစမ်း သူများကိုလည်း လွတ်လပ်စွာဆောင်ရွက်ခွင့်ပေးထားသည်ဟု သူကဆက်ပြောသည်။

    မွန်ပြည်သစ်ပါတီဖွဲ့စည်းအုပ်ချုပ်ပုံရေးဆွဲခဲ့ရာတွင် ကလေးအခွင့်အရေးကာကွယ်ရေးအတွက် ကလေးစစ်သား အသုံးမပြုရန် တားမြစ်ထားလျှက်ရှိသည်။

    မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တွင် အမြဲတမ်းတပ်ရင်း၊ ခရိုင်ပြောက်ကျားတပ်ရင်းနှင့် အရန်တပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားပြီး လက်ရှိအင်အားသုံးထောင်ဝန်းကျင်ခန့်ရှိသည်ဟု ယခင်ထုတ်ပြန်သော မှတ်တမ်းများအရသည်။

    ၁၉၉၅ ခုနှစ် မြန်မာစစ်အစိုးရနှင့် စတင်အပစ်ရပ်စဲစဉ်ကာလတွင် မွန်ပြည်သစ်ပါတီအင်အား ၇၈၆၀ ဦးရှိကြောင်း အစိုးရသတင်းစာများတွင် ဖေါ်ပြခဲ့သည်။

    ၁၉၅၈ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့သော မွန်ပြည်သစ်ပါတီသည် ၁၉၇၁ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်၊ ကွေးမြစ်ဖျားရှိ အောင်သာယာစခန်း၌ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ကို စတင်မွေးဖွားခဲ့သည်။

    ထိုစဉ်က ရာဇာဓိရာဇ်တပ်ရင်းတစ်ရင်းသာရှိခဲ့ပြီး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသောင်းဖေ(ဦးလေးကြီး) ဖြစ်ပြီး စံသူ၊ သာနှင်း၊ မီးခဲတပ်ခွဲ ၃ ခွဲဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း မှတ်တမ်းများတွင်ဖေါ်ပြခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks