ကိုကိုအေး – ၁၉၆၂မတ်လမှစခဲ့သည့် စစ်အာဏာရှင်တို့၏ မြန်မာပြည်သူတို့အပေါ် ဓါးမိုးအုပ်ချုပ်ခဲ့မှုသည် ၂၀၁၂မတ်လက နှစ်ငါးဆယ်ပြည့်ခဲ့ပြီ။ စစ်အုပ်စုမင်းဆက်တို့ရဲ့အုပ်ချုပ်မှု ရွှေရတုတိုင်ခဲ့ပြီ။ဆယ်စုနှစ်ငါးခုလောက် ပြည်သူလူထုရဲ့ အဆီကိုစားပြီး အသားကိုမျိုခဲ့ကြပြီ။ တိုင်းပြည်ရဲ့သယံဇာတများကို ဖေါက်ထွင်းခိုးယူခဲ့ကြပြီ။ အခုအချိန်အထိလဲ အရှိန်မသတ်ကြသေး။ စားလို့ဝါးလို့ မဆုံးနိုင်သေး။ ပါးစပ်ကတော့ ပြုပြင်ပြောင်းလဲရေး ဒီမိုကရေစီရေးလို့တော့ အော်နေကြသည်။ ဒါပေမဲ့ လက်ကတော့ ခိုးနေကြဆဲ၊ ဝှက်နေကြဆဲ၊ အနိုင်ကျင့်လုယက်နေကြဆဲ။ ၂၀၁၅ကျော်လျှင် မစားရမဝါးရတော့မှာမို့လို့ စားလို့ရတုန်းလေး စားနေဝါးနေတာပါလို့ ဆိုသူကဆိုသည်။
ဘယ်လိုဘဲပြောပြော ပြုပြင်ပြောင်းလဲရေးတချို့ကို လုပ်ပြနေရပြီ။ ဒီမိုကရေစီသဘောတရား တပိုင်းတစကို အသိအမှတ်ပြုလာရသည်။ ၂၀ဝ၈အခြေခံဥပဒေပါ အနာဂါတ်နိုင်ငံတော် ဦးဆောင်မှုအပိုင်းတွင် စစ်တပ်မှ ၂၅ရာခိုင်နှံး ပါဝင်ရမည်ဆိုသည်ကိုပင် အချိန်တန်ရင် လျှော့ပေးတန်ပေးရမှာပေါ့ ဆိုတဲ့စကား အစိုးရခေါင်းဆောင်ပိုင်းက အသံထွက်လာခဲ့သည်။လိုအပ်ရင် ၂၀ဝ၈ကိုပြင်ပေးမယ်ဆိုတဲ့သဘောပင်။ ဒေါ်အောင်ဆန်းစုကြည်ပင် ဒီစကားကို ကိုးကားခဲ့သည်။ ခေါင်းဆောင်ပိုင်းက တဦးချင်း သဘောသာဖြစ်နှိင်သည်။ စစ်အုပ်စုတခုလုံး၏ သဘောထားဟုတ်ဟန်မတူ။ ဒါပေမဲ့စစ်အုပ်စု ရေရှည်တည်မြဲရေးအတွက် အလားအလာ အခြေအနေ မကောင်းတာကတော့ ပေါ်လွင်နေသည်။ ထင်ရှားနေသည်။ ဒါပေမဲ့ အာဏာရှင်တို့မည်သည် အာဏာကို အလွယ်တကူစွန့်ရိုး ထုံးစံမရှိ။ စစ်အုပ်စုရေရှည်တည်တံ့နိုင်ဖို့ သူတို့ကြိုးပမ်းကြမှာကတော့ မလွဲဧကန်ဖြစ်သည်။ ဘာမှသံသယဖြစ်စရာမလို။
၂၀၁၂ခုနှစ် ဇွန်လဆန်းက ရခိုင်ပြည်နယ်မှာ လူမျိုးရေး ဘာသာရေး အဓိကရုန်းတွေဖြစ်ခဲ့သည်။ ရခိုင်အမျိုးသမီးလေး တဦးကို မွတ်စလင်ဘာသာဝင် လူငယ်သုံးဦးက အဓမ္မပြုကျင့်ပြီး သတ်ပစ်လိုက်ကာ ပါလာသည့် ရွှေငွေတို့ကို လုယူခဲ့ကြရာမှ စခဲ့ခြင်းဖြစ်သည်။ အမှန်မှာ ဖြစ်ရိုးဖြစ်စဉ် ရာဇဝတ်ပြစ်မှုတခုသာဖြစ်သည်။ အစိုးရက သွက်သွက်လက်လက် မှန်မှန်ကန်ကန် ဖြေရှင်းပေးခဲ့လျှင် ဘာအဓိကရုန်းမှ ဖြစ်လာစရာအကြောင်းမရှိ။ ဒါပေမဲ့လက်တွေ့မှာ ဒီလိုဖြစ်မလာခဲ့။ ရခိုင်ပြည်နယ်လို နေရာဒေသမှာ ဒီလိုအမှုအခင်းမျိုးသည် အမှိုက်ကစ ပြဿဒ်မီးလောင်နိုင်သည် ဆိုသည်ကို တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတို့မသိခဲ့၊ မမြင်ခဲ့၊ မမျှော်လင့်ခဲ့ ဆိုတာကတော့ လုံးဝ(လုံးဝ) မဖြစ်နိုင်။ သိလျက် မြင်လျက်နဲ့ ဖြစ်လာနိုင်တဲ့ အလားအလာကို တမင်သက်သက် ကောက်ကျစ်ယုတ်မာသော လူမဆန်သော စိတ်ဆန္ဒ သဘောထားတို့ဖြင့် လုပ်ဆောင်ခဲ့ကြခြင်းသာဖြစ်သည်။
သူတို့ဒီလိုကြံစည်ပြီး လုပ်ဆောင်ခဲ့ကြသည် ဆိုတာကို သူတို့လုပ်ဆောင်ခဲ့ လုပ်ရပ်တွေအရ သိသာထင်ရှားလှသည်။ မိန်းကလေးကို အဓမ္မကျင့် သတ်ဖြတ်ခဲ့သည့်အမှုကို ချက်ခြင်းအရေးယူအပြစ်ပေးရမည့်အစား ထိုအမှုသတင်းကို လှို့ဝှက်ထားခဲ့သည်။ တဖက်က ရခိုင်လူထုကြားတွင်လည်းကောင်း၊ အင်တာနက် မီဒီယာများတွင်လည်းကောင်း လူမျိုးရေး ဘာသာရေး သွေးထိုးလှုံ့ဆော်မှုများကို အစိုးရရဲ့ သူလျှို ဒလန်များမှတဆင့် တီးတိုးဝါဒဖြန့် လှုံ့ဆော်စည်းရုံးကြသည်။ ဒီလိုဝါဒဖြန့်လှုံ့ဆော်သည့်အထဲတွင် အဆင့်မြင့်အစိုးရဝန်ထမ်းတဦးရဲ့ လှုံ့ဆော်ဝါဒဖြန့်မှုက အရုပ်ဆိုး အကျည်းတန်လှသည်။ သူရဲ့ဖေ့စ်ဘုတ်မှာ ထိုအချိန်က လူမျိုးရေး ဘာသာရေးအဓိရုန်းဖြစ်အောင် လှုံ့ဆော်သူများအကြားတွင် နာမည်ကြီးသလောက် ထိရောက်မှုလည်း ပြင်းထန်မြင့်မားလှသည်။ သူ့ဖေ့စ်ဘုတ်မှ အချက်အလက်များ ဓါတ်ပုံများကို ကိုးကားဖေါ်ပြမိသော ဂျာနယ်တစောင်မှာမူ နောက်ပိုင်းတွင် အပိတ်ခံခဲ့ရသည်။ ဂျာနယ်ထုတ်ဝေသူကို တရားစွဲခဲ့သည်။ ဒါပေမဲ့ ထိုအရာရှိကြီးကိုတော့ ဘာမှအရေးမယူခဲ့။
ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကတော့ တောင်ကုတ်မှာ မွတ်စလင်ဘာသာရေးဆရာများ အပါအဝင် လူ၁၀ဦးကို လူအုပ်လိုက်ဝိုင်းပြီး သတ်ဖြတ်မှုပေါ်ပေါက်လာခြင်းဖြစ်သည်။ စစ်ခေါင်းဆောင်တို့က ဒီလိုမျိုးဖြစ်စေချင် နေကြတာဖြစ်သည်။ စစ်ခေါင်းဆောင်တို့က ဒီလောက်နဲ့အားမရနိုင်ကြ။ မတင်းတိမ်နိုင်ကြ။ ဒီထက်ပိုကြီးမားသည့် လူမျိုးရေးအဓိကရုန်းကြီးကို ဖြစ်စေချင်ကြသည်။ ဒီတော့ သူတို့ အယုတ်မာဆုံး အရက်စက်ဆုံး ခြေလှမ်းတလှမ်းကို ထပ်လှမ်းလိုက်ကြသည်။ ဒါကတော့ နောက်တနေ့တွင် နိုင်ငံတော်ပိုင် သတင်းစာအားလုံး၊ မြန်မာ့အသံ ရုပ်မြင်သံကြား၊ ရေဒီယိုလိုင်းအားလုံးမှနေ၍ ထိုသတင်းများအားလုံးကို လူမျိုးရေး ဘာသာရေး သွေးခွဲလှုံ့ဆော်သည့် စကားလုံးများသုံးကာ ဖေါ်ပြလိုက်ခြင်းပင်ဖြစ်သည်။ တောင်ကုတ်မှာအသတ်ခံရသည့် သူများကို မွတ်စလင်ကုလားများဆိုပြီး သုံးနုန်းရေးသားလိုက်ခြင်းဖြစ်သည်။ သတ်သည့်လူတွေဘက်ကလိုက်ပြီး မြှောက်ပေးလိုက်သည့်သဘောပင်။ ဖြစ်နေသည့် လူမျိုးရေး ဘာသာရေး အဓိကရုန်းမီးတောက်ကို အရိုန်မြင့်သွားအောင်၊ ပိုကြီးသွားအောင်၊ ပိုပြန့်သွားအောင် ဓါတ်ဆီလောင်းပေးလိုက်ခြင်းပင်။
ရက်ပိုင်းအတွင်း လူမျိုးရေး ဘာသာရေး အဓိကရုန်းများ တပြည်လုံးသို့ ချက်ခြင်းပြန့်နှံ့သွားခြင်းပင်ဖြစ်သည်။ နောက်တနေ့တွင် ရန်ကုန်မြို့နေ မွတ်စလင်ဘာသာဝင်များ သတင်းစာပါ အသုံးအနှုံးများကို မကျေနပ်၍ ဆန္ဒပြပွဲများပေါ်ပေါက်လာခဲ့သည်။ သို့သော် အမြော်အမြင်ရှိသည့် နိုင်ငံရေးသမားများ အဖွဲ့အစည်းများ ဘာသာရေးခေါင်းဆောင်များ၏ ဖြန်ဖြေနားချမှုများကြောင့် ရန်ကုန်မြို့တွင်တော့ လူမျိုးရေးဘာသာရေး အဓိကရုန်းများ ဖြစ်ပွားခြင်း မရှိခဲ့ပေ။ ဒါပေမဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာတော့ လူမျိုးရေး ဘာသာရေး အဓိကရုန်းများ ထိန်းလို့မနိုင် သိန်းလို့မရဘဲ ဖြစ်ပွားကုန်ပါတော့သည်။ ရခိုင်ပြည်သူတွေမှာတော့ အရက်စက်ဆုံး အကြမ်းကြုပ်ဆုံး လူမျိုးရေးဘာသာရေး အဓိကရုန်းကြီးအတွင်းမှာ အသက်တွေသေဆုံးကြ အိုးအိမ်တွေမီးလောင်တိုက်သွင်းခံရ အိုးပစ်အိမ်ပစ် ပြေးကြလွှားကြနဲ့ ဒုက္ခပင်လယ်ဝေနေကြရပါပြီ။
စစ်ခေါင်းဆောင်တွေကတော့ နောက်ကွယ်မှာ လက်ခမောင်းခတ်နေကြလောက်ပြီ။ သတင်းစာ ရေဒီယို၊ ရုပ်မြင်သံကြားတွေမှာတော့ မိကျောင်းမျက်ရည်ကျပြနေကြသည်။ သူတို့လိုချင်တဲ့အကွက်ကတော့ ဆိုက်လာပြီဖြစ်သည်။
လူအုပ်စုတခုက တခြားဘာသာလူမျိုးမတူတဲ့ အုပ်စုတခုကို အလစ်ချောင်းပြီး သတ်ကြ ဖြတ်ကြ အိုးအိမ်တွေမီးရှို့ကြ ရေတွင်းရေကန်တွေ အဆိပ်ခတ်ကြ ဖြစ်နေတော့ ရခိုင်ပြည်နယ်မှာ လူတိုင်းဟာ မိနစ်တိုင်း စက္ကန့်တိုင်းလိုလိုမှာ အသက်ကိုဖက်နဲ့ထုပ်ပြီး နေနေကြရပါပြီ။ လူတိုင်းဟာ ဒီဘေးဒုက္ခ အန္တရယ်ဆိုးကြီးက အမြန်ဆုံးလွတ်မြောက်လိုလှပြီ။ လွတ်မြောက်ဖို့မျော်လင့်ချက်ကတော့ စစ်တပ်တို့ ရဲတို့လို လက်နက်ကိုင်တပ်ဖွဲ့များကို အားကိုးအားထား ပြုခြင်းဘဲရှိပါတော့တယ်။
ဒီအချိန်မှာ စစ်ခေါင်းဆောင်တွေက ကယ်တင်ရှင်ကြီးတွေအသွင်နဲ့ ရခိုင်ပြည်နယ်ကို အရေးပေါ်အခြေအနေ ကြေငြာပြီး တချို့နေရာတွေမှာ ပုဒ်မ၁၄၄ ထုတ်ပြီးဆူပူသူတွေကို ပစ်ခတ်သတ်ဖြတ်တဲ့နည်းနဲ့ အုပ်ချုပ်ကြပါတော့တယ်။ ပြည်သူတွေ စစ်တပ်ကိုမေ့ထားလို့ မရဘူးဆိုတာ နဖူးတွေ့ဒူးတွေ့တွေ့နေရပါပြီ။ စစ်တပ်ကိုအာခံလို့မရဘူးဆိုတဲ့အသိကို အသက်တွေပေးပြီး သင်ယူနေကြရပါပြီ။ စစ်ခေါင်းဆောင်တွေရဲ့ ရက်စက်ယုတ်မာလှတဲ့ ကစားကွက်ကတော့ လှလှပပကြီး အောင်ပွဲခံသွားခဲ့ပါပြီ။
မှတ်ချက်။ ။ ယခုဆောင်းပါးသည် စာရေးသူ၏ အမြင်ဖြစ်သာ ဖြစ်ပြီး လွတ်လပ်သော မွန်သတင်းအေဂျင်စီ၏ အမြင်မဟုတ်ပေ။
တိကျမှန်ကန်သောဆောင်းပါဖြစ်ပါသည်။အခုထိအစိုးရကနောက်ကွယ်ကလှုံ.ဆော်သူတွေကိုအရေးမယူတာ လည်းစဉ်းစားသရာဘယ်။
No only Bangali more them thinking about Chinese too.