spot_img
Tuesday, January 21, 2025
More
    spot_img
    Homeသတင်းမွန်ကျောင်းဆရာ၊ ဆရာမများအတွက် လစာ ထောက်ပံ့ရေးကော်မတီ ကျေးရွာအချို့တွင်ဖွဲ့စည်း

    မွန်ကျောင်းဆရာ၊ ဆရာမများအတွက် လစာ ထောက်ပံ့ရေးကော်မတီ ကျေးရွာအချို့တွင်ဖွဲ့စည်း

    -

    မင်းသုတ – မွန်ပြည်နယ် မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်အတွင်း မွန်စာပေသင်ကြားလျှက်ရှိသော ကျေးရွာအချို့တွင် မွန်သံဃာတော်များ၏ကြီးကြပ်မှုဖြင့် ကျောင်းဆရာ ဆရာမများအတွက် လစာထောက်ပံ့ရေးကော်မတီများ ဖွဲ့စည်းလိုက်သည်ဟု မွန်ပညာရေးကူညီဆောင်ရွက်ရေးအဖွဲ့က ပြောသည်။

    မွန်ကျောင်းသားငယ်များ(Photo-IMNA)
    အဆိုပါ ဒေသရှိ ကျေးရွာများမှ မွန်ကျောင်းဆရာ ၁၂၀ ခန့်အား ကျေးရွာမှ ရွာသူရွာသားများက ကော်မတီဖွဲ့၍ ငွေကြေးစုဆောင်းပြီး ပုံမှန်လစာများ ကူညီထောက်ပံ့နိ်ုင်ပြီဖြစ်သည်ဟု မွန်ပညာရေးကူညီဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူး နိုင်လယီတမက ပြောသည်။

    နိုင်လယီတမက “ရွာတွေက ထောက်ပံ့ပေးနိုင်တဲ့ အနေအထားပေါ်လိုက်ပြီး ကျောင်းဆရာလစာနှုန်းတွေက မတူကြဘူး၊ (တယောက်ကို) တစ်လကျပ်နှစ်သောင်း၊ သုံးသောင်း အချို့ရွာတွေဆိုငါးသောင်းအထိ လစာပေးနိုင်ခဲ့တယ်” ဟုပြောသည်။

    မွန်ပညာရေးကူညီဆောင်ရွက်ရေးအဖွဲ့တွင် နာယကအဖြစ် အထင်ကရဖြစ်ကြသည့် ကော့ပလိုင်ဆရာတော် ဘဒ္ဒန္တကေတုမာလာ၊ ဟံသာထောမွန်ပရိယတ္တိစာသင်တိုက်ဆရာတော် သီလဝန္တ၊ ဖားအောက်ဝေဠုဝန် ဆရာတော်တို့ဖြစ်ကြပြီး ဥက္ကဌနိုင်မောင်ညွန့်၊ အတွင်းရေးမှူးနိုင်လယီတမနှင့် အဖွဲ့ဝင် ၅ ဦးပါဝင်သည်။

    မွန်စာသင်ကြားနေသည့် ကျောင်းဆရာ၊ဆရာမအတွက် လစာပေးရန် အခက်အခဲဖြစ်ခြင်းကြောင့် မွန်ပြည်သစ်ပါတီ လက်အောက်ရှိ မွန်ပညာရေးကော်မတီက ယင်းကိစ္စကို မွန်စာပေယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သို့ ပြီးခဲ့သည့် ဧပြီလတွင် လွှဲအပ်ခဲ့သည်။

    ထို့ကြောင့် မွန်စာပေအရေးလုပ်ရှားမှုအဖွဲ့က ကျောင်းဆရာ၊ ဆရာမများအား လစာထောက်ပံ့ရေးအတွက် ယခုကဲ့သို့ ဒေသလိုက်စည်းရုံးရေးဆင်းပြီး အကောင်အထည်ဖော်နေခြင်းဖြစ်သည်ဟု မွန်စာပေအရေး လှုပ်ရှားသူ နိုင်စိုးမြင့်က ပြောသည်။

    ယင်းသို့ လစာထောက်ပံ့ပေးမည့် ကော်မတီများကို ကျိုက်မရော၊ ဘားအံနှင့် ကော့ကရိတ်မြို့နယ်များတွင်လည်း ဆက်လက်ဖွဲ့စည်းရန် ကြိုးစားလုပ်ဆောင်နေသည်ဟုလည်း ၎င်းကပြောသည်။

    မွန်ပြည်နယ်ရှိ ရေးမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးရှိ ရေဖြူမြို့နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ဘုရားသုံးဆူဒေသရှိ မွန်စာသင်ကျောင်းများကိ်ုမူ မွန်အမျိုးသား ပညာရေးလက်အောက်တွင် ဆက်လက်ထားရှိဆဲဖြစ်သည်။

    ယခုလက်ရှိ၌ မွန်ဘာသာ(သီးသန့်)စာသင်ကျောင်းများတွင် ကျောင်းသားကျောင်းသူ ဦးရေ (၁) သောင်းကျော်နှင့် အစိုးရစာသင်ကျောင်းများ၌ မွန်ဘာသာပူးတွဲသင်ကြားသည့်ကျောင်းများတွင် (၂) သောင်းကျော်ခန့် နှစ်စဉ်ပညာသင်ကြားလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,200SubscribersSubscribe
    spot_img

    Latest posts