Friday, March 13, 2026
More
    spot_img
    Homeသတင်းပြန်ပေးတစ်လဆွဲခံထားရသူ ကိုရွှေအသတင်းအစအနပျောက်

    ပြန်ပေးတစ်လဆွဲခံထားရသူ ကိုရွှေအသတင်းအစအနပျောက်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ ရာဘာခြံတစ်ခြံမှ လွန်ခဲ့သည့်မေလကုန်ပိုင်းအတွင်း ပြန်ပေးဆွဲခံထားရသူ ကိုရွှေအ၏သတင်းအစအန မကြားသိရသဖြင့် ၄င်းနှင့်အတူ မိသားစုဝင်များအထူးစိုးရိမ်နေရကြောင်း ရပ်ကွက်(၃) အုပ်ချုပ်ရေးမှူးက ပြောသည်။

    ဘုရားသုံးဆူဒေသပြန်ပေးသမားနှစ်ဦးကို မွန်ပြည်သစ်ပါတီမှဖမ်းဆီးခဲ့ပုံ
    အသက်(၃၅)နှစ်ခန့်၊ ဗမာလူမျိုးဖြစ်သူ ကိုရွှေအ ပြန်လည်လွတ်မြောက်ရန် ဇနီးနှင့်သမီးငယ်တစ်ဦးတို့မှာ မည်သည့်နေရာသို့ အကူအညီတောင်းခံရမှန်းမသိ ဖြစ်နေရသည်။

    “အစပြန်ပေးဆွဲခဲ့တဲ့ရက်ပိုင်းတွေမှာ ပြန်ပေးသမားက ကျနော့်ဆီဖုန်းဆက်ငွေလှမ်းတောင်းသေးတယ်၊ နောက်ပိုင်းမှာ ကျနော့်ဆီရော သူမိသားစုတွေနဲ့ပါ အဆက်အသွယ်မလုပ်တော့ဘူး၊ ဒါကြောင့် သူ့ကံကြမ္မာအခြေအနေကို ကျနော်တို့သိချင်တယ်၊ သေသလား ရှင်သလား သတင်းအတိအကျမရတော့ သိပ်ကိုစိုးရိမ်နေရတာပေါ့” ဟု ရပ်ကွက်(၃) အုပ်ချုပ်ရေးမှူး ဦးအေးကိုက ပြောသည်။

    ဘုရားသုံးဆူမြို့အမှတ်(၃) ရပ်ကွက်နှင့်ထားဝယ်စုအနီး ဦးထွန်းတင်၏ရာဘာခြံတွင် ကိုရွှေအနှင့်အဖေါ်တစ်ဦး နေ့စားအလုပ်လုပ်နေစဉ် လွန်ခဲ့သည့် မေလ(၂၇) ရက်နေ့၊ ညနေပိုင်းတွင် လက်နက်ကိုင်တစ်စုက ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

    ထို့နောက် တစ်ပတ်ခန့်အကြာတွင် ၄င်း၏အဖေါ်ဖြစ်သူ ပြန်ပေးသမားများလက်မှ ထွက်ပြေးလွတ်မြောက်လာခဲ့ သည်ဟုလည်း နီးစပ်သူများက ပြောသည်။

    “တလောကမွန်ပြည်သစ်ပါတီလူထုတွေ့ဆုံရှင်းလင်းပွဲမှာ အတွင်းရေးမှူးနိုင်ဟံသာကို ကျနော်ကိုယ်တိုင်မေးခဲ့တယ်၊ ပြန်ပေးသမားတချို့ကို မွန်ပြည်သစ်ပါတီကဖမ်းမိထားတယ်လို့ သတင်းရတယ်၊ ကျနော့်ရပ်ကွက်သားကိုရွှေအ အကြောင်းမေးတော့ အခြေအနေကောင်းပါတယ်လို့ သူပြောတာပဲ” ဟု ဦးအေးကိုက ဆက်ပြောသည်။

    လတ်တလောကာလ၌ ဘုရားသုံးဆူတဝိုက်တွင် ပြန်ပေးအဖွဲ့မှ ဖုန်းဖြင့်ငွေတောင်းခံခြင်းမရှိသဖြင့် လုံခြုံရေးအခြေနေကောင်းလာသည်ဟု ပြောဆိုနိုင်သော်လည်း ကိုရွှေအအခြေအနေသတင်း သဲသဲကွဲကွဲမသိရှိရသေးဟု သူကပြောသည်။

    ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလတွင်တစ်ကြိမ်၊ မေလတွင်နှစ်ကြိမ် ဘုရားသုံးဆူမြို့ပေါ်အနီးတဝိုက်တွင် ပြန်ပေးဆွဲမှု ဖြစ်ပေါ်ခဲ့ရာ ခေါင်းဆောင်ဆိုသူမှာ နိုင်ထွန်းဟု အမည်ပေးထားသည်။

    ဘုရားသုံးဆူအနီးပတ်ဝန်းကျင်တဝိုက်လှုပ်ရှားနေသော ပြန်ပေးအဖွဲ့ဝင်အချို့ကို မွန်ပြည်သစ်ပါတီတပ်ဖွဲ့မှ ဖမ်းဆီးရမိသည့်သတင်းထွက်ပေါ်နေသော်လည်း စစ်ဆင်ရေးစီမံချက်ကာလမပြီးဆုံးသေးသဖြင့် သတင်းမထုတ်ပြန်သေးဟု မွန်ပြည်သစ်ပါတီမှသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks