Monday, March 9, 2026
More
    spot_img
    Homeသတင်းကားတစ်စီး တိမ်းမှောက်သွားရာ အလုပ်သမား (၃) ဦး နှင့် ကားမောင်းသူတစ်ဦး ပွဲချင်းပြီးသေဆုံး

    ကားတစ်စီး တိမ်းမှောက်သွားရာ အလုပ်သမား (၃) ဦး နှင့် ကားမောင်းသူတစ်ဦး ပွဲချင်းပြီးသေဆုံး

    -

    နဒီမွန် – မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အလွန် ထိုင်းနိုင်ငံ ကန်ချဏပူရီမြို့ (Kanchanaburi) မရောက်ခင် စိုင်ယို့နွဲ (Sai Yok Noi) ဒေသအနီး အဝေးပြေးလမ်းမကြီးတွင် ဇွန်လ(၇)ရက်နေ့ ညပိုင်းအချိန်တွင် တရားမဝင်မြန်မာရွှေ့ပြောင်း အလုပ်သမားများကို တင်ဆောင်လာသည့် ကားတစ်စီး တိမ်းမှောက်ခဲ့ရာ အလုပ်သမား (၃) ဦး နှင့် ကားမောင်းသူတစ်ဦး ပွဲချင်းပြီး သေဆုံးကာ၊ (၁၈) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောပါသည်။

    အဆိုပါ တရားမဝင်မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တင်ဆောင်လာသည့် ကားပိုင်ရှင်မှာ အရှိန်မြင့် မောင်းနှင်လာပြီး အရှေ့က ဝါးများ တင်ဆောင်ထားသည့်ကားတစီးရပ်
ထားသည်ကို ဝင်တိုက်မိရာမှ ကားမောင်းသူမှာလည်း ဝမ်းဗိုက်တွင် ဝါးအချွန် ထိုးဝင်သွားပြီး ပွဲချင်းပြီး သေဆုံးသွားသည် ဟုလည်း ဒေသခံများမှ ပြောပါသည်။

    “ကားမောင်းသူက ဝမ်းဗိုက်မှာ ဝါးအချွန် ထိုးဝင်သွားတာ၊ ကားလည်းမှောက်ရောဘဲ၊ အဲဒီမှောက် တဲ့ကားမှာ အကုန်လုံး လူ(၅၂) ယောက်ပါတယ် ။ အလုပ်သမား (၃)ယောက် နှင့် ကားမောင်းသူတစ်ယောက် အဲမှာဘဲ ပွဲချင်းပြီး သေဆုံးသွားတယ်၊ (၁၈) ယောက်က ဒဏ်ရာပြင်း တယ်၊ သေလား ရှင်လား မသိရသေဘူး၊ ကန်ချဏပူရီခရိုင် ဆေးရုံတွေမှာ ဆေးဝါး ကုသခံနေရတယ်။ ကျန်တဲ့သူတွေ ထိုင်းရဲတွေရဲ့ အချုပ်ခန်းမှာရှိနေတယ်” ဟု တရားမဝင်မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကို ပို့ဆောင်နေသည့် ပွဲစားနှင့် နီးစပ်သူတို့က ပြောပါသည်။

    တရားမဝင်အလုပ်သမားအများစုမှာ မွန်ပြည်နယ်မှ တက်လာသည့် မွန်လူမျိုးသာ အများအပြား ဖြစ်သည်ဟု ထိုသူတို့ က ပြောသည်။

    ထိုင်းအစိုးရနှင့် ထိုင်းရဲတပ်ဖွဲ့ က မည်သို့ပင် စီမံချက်ချ ဖမ်းဆီးမှုများ လုပ်နေသော်လည်း တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ လမ်းကြောင်း အမျိုးမျိုးကနေ ခိုးဝင်လာဆဲ ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း၌ နိုင်ငံရေး မတည်ငြိမ်မှု စီးပွါးရေး နိမ့်ကျမှု ကုန်ဈေးနှုန်းကြီးမြင့်မှု တို့ ကြောင့် ထိုင်းနိုင်ငံအတွင်းကို အလုပ်အကိုင် ရှာဖွေ လုပ်ကိုင်လာမှု ပိုများပြားလာသည်ဟု အလုပ်သမားအရေး လေ့လာသူများက ဆိုပါသည်။

    ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ အလုပ်သမားတသန်း ဝင်ရောက်လုပ်ကိုင်နေသည်ဟု သိရသည်။ သို့ရာတွင် ထိုင်းအစိုးရမှ ရရှိထားသောတရားဝင် စာရင်းတွင် အလုပ်သမား (၅) သိန်းခန့် သာ ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks