spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းတစ်သောင်းကျပ်တန် ငွေစက္ကူသစ် စတင်ထုတ်ဝေတော့မည်


    တစ်သောင်းကျပ်တန် ငွေစက္ကူသစ် စတင်ထုတ်ဝေတော့မည်


    -

    ခတ္တာနန်း – 

ယခုလ ၁၅ ရက်နေ့မှ စ၍ ငွေကျပ် တစ်သောင်းတန် ငွေစက္ကူ အသစ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ စတင် ထုတ်ဝေတော့မည် ဖြစ်ကြောင်း ယမန်နေ့က မြန်မာ့ ရုပ်မြင်သံကြားနှင့် ယနေ့ထုတ် နိုင်ငံတော်ပိုင် သတင်းစာ များတွင် ဖော်ပြထားပါသည်။


    ငွေစက္ကူ တစ်သောင်းတန် မျက်နှစာဘက်မှ မြင်ရပုံ (ဓါတ်ပုံ အင်တာနက်)
    
၎င်း တစ်သောင်းကျပ်တန် ငွေစက္ကူသစ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေး ဌာနတွင် လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက် များတွင်လည်းကောင်း ယခုလ ၁၅ ရက်နေ့မှ စ၍ ဘဏ်ဖွင့်ချိန်တွင် စတင် ထုတ်ဝေပေးမည် ဖြစ်ကြောင်းနှင့် လက်ရှိ တရားဝင် သုံးစွဲလျက် ရှိသော ငွေစက္ကူ များနှင့် ငွေအကြွေ များသည် တရားဝင် သုံးစွဲငွေအဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း နိုင်ငံတော်ပိုင် သတင်းစာ များတွင် ဖော်ပြ ပါရှိသည်။


    
“တစ်သောင်းကျပ်တန်က ငါးထောင် ကျပ်တန်ထက်ကို ပြည်သူလူထု လက်ထဲကို ပျံ့နှံ့ဖို့ကို အချိန် ကြားဦးလိမ့်မယ်၊ လုပ်ငန်း ကြီးကြီးမားမား လုပ်ကိုင် နေသူတွေ အတွက်ကတော့ တစ်သောင်း ကျပ်တန် အတွက် ငွေသယ်ယူရတာ ပိုအစဉ်ပြေပေမယ့် ရေရှည် အခြေအနေ မှာတော့ ချက်လက်မှတ်ဖြစ် ငွေပေးယူမှု စနစ်ကို အသုံးပြု သင့်ကြောင်းကို” စီးပွားရေး ပညာရှင် ဒေါက်တာ ခင်မောင်ညို (ဘောဂဗေဒ) က ၎င်း၏ ဖေ့စ်ဘွတ်တွင် သုံးသပ် ထားပါသည်။


    ငွေစက္ကူ တစ်သောင်းတန် ကျောဘက်မှ မြင်ရပုံ ( ဓါတ်ပုံ အင်တာနက်)
    
နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းရှင် တစ်ဦးကလည်း “ အရင်ကလည်း ငွေငါးထောင် ကျပ်တန် ထွက်တဲ့ အချိန်တုန်းက လူတွေက ငွေကြေး ဖောင်းပွမှုတွေ ဖြစ်မလား ကုန်ဈေးနှုန်းတွေ တက်မလား ဆိုပြီး စိုးရိမ် နေကြတယ်၊ တကယ်လည်း ထုတ်ရော တစ်ဖြည်းဖြည်းနဲ့ ထုတ်နေတော့ ဘာမှကို ဂယက်ရိုက်မှု မရှိခဲ့ဘူး၊ အခု တစ်သောင်း ကျပ်တန်ကိုလည်း အဲဒီအတိုင်းပဲ ထုတ်မယ်ဆိုရင် ဘာမှ ငွေကြေး ဖောင်းပွမှုဆိုင်ရာ ထိခိုက်မှုတွေ ရှိနိုင်မှာ မဟုတ်ဘူး” ဟု ပြောပါသည်။ 


    
ငွေစက္ကူအသစ် ထုတ်မှုနှင့် ပတ်သက်ပြီး ပြည်သူလူထုသို့ ရောက်ရန်အတွက် နှစ်နှင့်ချီပြီး အချိန် ကြာမြင့်နိုင်မည် ဖြစ်သည်။ ကုန်ဈေးနှုန်း များလည်း ပုံမှန်အတိုင်းသာ ရှိလိမ့်မည် ဖြစ်ကြောင်း၊ ငွေကြေးဖောင်ပွမှုလည်း ထင်သလောက် ဖြစ်လိမ့်မည်မဟုတ်ကြောင်း ၎င်းက ဆက်ပြောပါသည်။



    ယခု အသစ် ထုတ်လိုက်သည့် ငွေစက္ကူ အသစ်၏ မျက်နှာစာဘက် ထိပ်ပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် စာတန်း ပါရှိပြီး  ပြည်တောင်စုသမ္မတ မြန်မာနိုင်ငံတော်မြေပုံကို သပြေခက်နှစ်ခက်ဖြစ် ဝန်းရံထားပြီး မြန်မာ့အနုပညာ လက်ရာမြောက် ဆင်ဖြူတော်နှစ်စီး နှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ်ထားလျှက်၊ အရွယ်အစားမှာ ၁၅ x ၇ စင်တီမီတာရှိပြီး အပြာရောင်ဖြစ် ပါသည်။


    
ကျောဘက်တွင် ရတနာပုံ မန္တလေးနန်တော်၏ မြို့ရိုးနှင့် ကျုံးပုံပါရှိပြီး ဘေးဘောင်တွင် မြန်မာ့အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များ ပါရှိသည်။

    

၁၉၉၄ ခုနှစ် နောက်ပိုင်းမှ စ၍ ငွေစက္ကူ အမျိုးအစားပေါင်း (၁၈) မျိုး ထုတ်ဝေ ခဲ့ပြီး၊ နောက်ဆုံး ထုတ်ဝေသည့် ငါးထောင်တန်မှာ ၂၀ဝ၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင် ထုတ်ဝေခဲ့ပါသည်။ ယခု တစ်သောင်းတန် ငွေစက္ကူမှာ ၁၉ ကြိမ်မြောက် ထုတ်ဝေးခြင်း ဖြစ်ပါသည်။






    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks