spot_img
Friday, January 23, 2026
More
    spot_img
    Homeသတင်းအကောက်ခွန်ဂိတ်နှင့် ဂိတ်ကြေးများ လျှော့ချကောက်ခံတော့မည်

    အကောက်ခွန်ဂိတ်နှင့် ဂိတ်ကြေးများ လျှော့ချကောက်ခံတော့မည်

    -

    သူရိန် – ထိုင်း- မြန်မာနယ်စပ်၊ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နှင့် ချောင်းဆုံရွာကြားရှိ အကောက်ခွန်ဂိတ်များလျှော့ချသွားမည်ဖြစ်ပြီး ဂိတ်ကြေးများကိုလည်း လျှော့ချကောက်ခံသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးဌာနမှ ဆုံးဖြတ်လိုက်သည်။

    ရေး - ဘုရားသုံးဆူသို့ပြေးဆွဲနေသော ကားတစ်စီး
    ရေး - ဘုရားသုံးဆူသို့ပြေးဆွဲနေသော ကားတစ်စီး

    မေလ ၂၄ ရက်နေ့က မော်တော်ယာဉ်ထိန်းသိမ်းရေးဌာနနှင့် ဒေသဖွံ့ဖြိုးရေးဌာနတို့ ပူးပေါင်းပြီး ဘုရားသုံးဆူဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် နယ်ခြားစောင့်တပ် BGF တို့ အစည်းအဝေးခေါ်ယူကာ အဖွဲ့အစည်းအလိုက် ဂိတ်ဖွင့်ပြီး အခွန်ကောက်နေခြင်းကို ထိန်းသိမ်းသွားရန် ဂိတ်များအားလုံးကို စုပေါင်းဂိတ်ပုံစံဖြင့် လုပ်ဆောင်သွားမည်ဖြစ်သည်။

    “အဖွဲ့အလိုက် ဂိတ်တွေ အများကြီးရှိတော့ အခွန်ကိုလည်း ဖြစ်သလို ကောက်နေကြတယ်ဆိုတော့ ခရီးသွားတွေ ကားသမားတွေလည်း မသက်သာဘူး၊ သုံးဆူကနေ ချောင်းဆုံရောက်ဖို့ ကားတစ်စီးဆို ကျပ် နှစ်သိန်းလောက် ကုန်တယ်” ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ကုန်သည်တစ်ဦးက ပြောသည်။

    ဘုရားသုံးဆူမြို့နှင့် ချောင်းဆုံရွာသည် ၉ မိုင်ဝန်းကျင် ကွာဝေးပြီး ၄င်းတွင် အဖွဲ့အစည်းမျိုးစုံမှ ဂိတ်ပေါင်း ၁၀ ဂိတ်ထက်မနည်းရှိကြောင်းလည်း ၄င်းက ပြောသည်။

    အဖွဲ့အစည်းမျိုးစုံမှ အကောက်ခွန်ဂိတ်များအားလုံးကိုယ်စား အဖွဲ့ပေါင်းစုံဂိတ်အဖြစ် ဘုရားသုံးဆူမြို့ပေါ်ရှိ အဝေးပြေးကားဂိတ်တွင် ထားရှိမည်ဖြစ်ပြီး ဂိတ်မှ ကောက်ခံရရှိသည့် ငွေကြေးများကို အဖွဲ့အစည်းပေါင်းစုံတို့အာ ခွဲဝေပေးသွားမည်ဖြစ်သည်။

    “အခုကောက်ခံမှာက ကုန်တင်ကားတစ်စီးဆိုရင် မြန်မာငွေ တစ်သိန်းခွဲနှုန်းနဲ့ ကောက်ခံမယ်လို့ ပြောထားတယ်၊ အရင်ကနဲ့စာရင်တော့ သက်သာတာပေါ့၊ ဂိတ်တွေလည်း နည်းသွားမယ်” ဟု ကားသမားတစ်ဦးက ပြောသည်။

    မိုးတွင်းကာလ လှေလမ်းခရီးအတွက်လည်း ဘုရားသုံးဆူမှ ချောင်းဆုံသို့ တပတ်လျှင် ကား ၁၀ စီးပြေးဆွဲခွင့်ပေးသွားမည်ဖြစ်ပြီး ကားတစ်စီးလျှင် ထိုင်းဘတ် ၂၀၀၀ နှုန်းဖြင့် အခွန်ဆောင်ရမည်ဖြစ်သည်။ ထိုကား ၁၀ စီးအနက်မှ တစ်စီးကို အချောဆွဲကားအဖြစ် သတ်မှတ်ကာ တပတ်လျှင် ကား ၉ စီး ပြေးဆွဲရမည်ဖြစ်သည်။ ထိုမှ ရသည့် အကောက်ခွန်များကို အဖွဲ့မျိုးစုံသို့ ပြန်လည်ဝေငှပေးသွားမည်ဖြစ်သည်။

    ယခုကဲ့သို့ လမ်းခရီးတလျှောက် အကောက်ခွန်ဂိတ်များကို စနစ်တကျ လုပ်ဆောင်ပေးသွားသည့်အပေါ် ခရီးသွားများ ကုန်သည်များနှင့် လိုင်းကားပြေးဆွဲသည့် ကားသမားများ ခရီးသွားရာတွင် ပိုမိုလွယ်ကူ အဆင်ပြေမည်ဖြစ်ကြောင်း ပြောဆိုနေကြသည်။

    ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းတလျှောက်တွင် အဖွဲ့အစည်းပေါင်းစုံမှ အခွန်ကောက်ခံနေသည့် ဂိတ်ပေါင်း ၃၀ ဂိတ်ကျော်ရှိကြောင်း ကားသမားအသိုင်းအဝိုင်းက ပြောသည်။

ထိုဂိတ်များတွင် နယ်မြေခံအစိုးရတပ်ရင်း၊ ရဲ၊ ပြည်သူ့စစ်၊ လဝက စသည့်လက်နက်ကိုင်ဝန်ထမ်းများ၊ အပစ်ရပ်စဲထားသည့် ဒီကေဘီအေ၊ အပစ်ရပ်ပျက်ပြယ်ခဲ့သည့် မွန်ပြည်သစ်ပါတီ၊ ကေအဲန်ယူတပ်ဖွဲ့တို့က ၄င်းတို့စိတ်ကြိုက်ဂိတ်ကြေးသတ်မှတ်ကာ တရားဝင်ကဲ့သို့ ကောက်ခံနေခြင်းဖြစ်သည်။

ထိုင်းနယ်မြေနှင့်ထိစပ်နေသည့် ဘုရားသုံးဆူမြို့မှ သံဖြူဇရပ်ကားလမ်းအထိ မိုင် ၆၀ နီးပါး ကွာဝေးပြီး လမ်းမပေါ်တလျှောက် သုံးပုံနှစ်ပုံခန့်မှာ ကေအဲန်ယူတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts