spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်နိုင်ငံရေးအကျဉ်းသားများကို ရေးမြို့နယ်လူငယ်အဖွဲ့များ ကြိုဆို

    မွန်နိုင်ငံရေးအကျဉ်းသားများကို ရေးမြို့နယ်လူငယ်အဖွဲ့များ ကြိုဆို

    -

    ကျလွန်းထော – ထောင်ဒဏ်တသက်တကျွန်း အကျဉ်းကျခံရာမှ လွတ်မြောက်လာသည့် မွန်နိုင်ငံရေးအကျဉ်းသားများကို ရေးမြို့နယ်ရှိ မွန်လူငယ်အဖွဲ့များက ယမန်နေ့ (မေလ ၉ ရက်နေ့) က ကြိုဆိုပွဲ ပြုလုပ်ခဲ့ကြသည်။

    မွန်နိုင်ငံရေးအကျဉ်းသားများ ကြိုဆိုပွဲအခမ်းအနား(photo:IMNA)
    မွန်ပြည်နယ် ရေးမြို့နယ်၊ လမိုင်မြို့နယ်ခွဲ၊ ကော့ဒွတ်ကျေးရွာ၊ ကျိုက်မင်းဝဘုရား၌ ည (၇း၃၀) နာရီအချိန်မှ ၁၀ နာရီအထိ ကျင်းပခဲ့ပြီး မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)၊ မွန်ရဟန်းပျိုများ၊ မွန်လူငယ်အဖွဲ့များနှင့် မွန်ပြည်သစ်ပါတီဝင်တို့ တက်ရောက်ခဲ့ကြသည်။

    ထောင်ဒဏ်တသက်တကျွန်း အကျဉ်းကျခံရာမှ လွတ်မြောက်လာသည့် မွန်နိုင်ငံရေးအကျဉ်းသား နိုင်ယက္ခနှင့် နိုင်မျိုးသွေး တို့အပြင် ၂၀၁၀ ခုနှစ် ဇန်နဝါရီလတွင် ပြင်ပသတင်းမီဒီယာဖြင့် ဆက်သွယ်မှု၊ နိုင်ငံရေး လှုပ်ရှားမှုဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရာမှ လွတ်မြောက်လာသည့် မွန်သံဃာ အရှင်ဥက္ကံသ နှင့် ထောင်မှ လွတ်မြောက်လာသည့် မွန်ပြည်သစ်ပါတီမှ နိုင်ချမ်းဟောင်းစာ တို့ကို ကြိုဆိုခြင်းဖြစ်သည်။

    မွန်ပြည်သစ်ပါတီမှ အနားယူထားသည့် နိုင်ချမ်းအိုင်းမွန် က “သူတို့တွေကို လေးစားတဲ့အနေနဲ့ အခုလို ဂုဏ်ပြုပွဲ ပြုလုပ်ပေးတာပါ၊ ထောင်မကျခင်အချိန်မှာ ပြည်သူအတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့သည့်အပေါ်မှာ လူငယ်တွေကို ရှင်းပြပေးတယ်၊ လူငယ်တွေကလည်း သူတို့သိချင်တဲ့အကြောင်းတွေကို အပြန်အလှန် မေးမြန်းကြပါတယ်” ဟု ပြောသည်။

    နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့သည် မွန်ပြည်သစ်ပါတီတွင် တာဝန်ထမ်းဆောင်စဉ် ၂၀၀၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် နိုင်ငံတော်အကြီးအကဲများအား လုပ်ကြံရန်ကြိုးပမ်းသည်ဟု စွပ်စွဲချက်ဖြင့် နအဖ စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံရပြီး ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံခဲ့ရသည်။

    မွန်ပြည်သစ်ပါတီနှင့် ပြည်ထောင်စုအဆင့် အစိုးရကိုယ်စားလှယ်များ လေးကြိမ်တိုင်တိုင် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ရာတွင် ၄င်းနိုင်ငံရေးအကျဉ်းသားနှစ်ဦးကို လွှတ်ပေးရန် မွန်ပြည်သစ်ပါတီက အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။

    ထို့နောက် ၂၀၁၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်ထံသို့ နုုိင်ယက္ခနှင့် နိုင်မျိုးသွေးတို့ကို အပ်နှံပေးခဲ့သည်။

    နိုင်ယက္ခ၊ နိုင်မျိုးသွေးနှင့် နိုင်ချမ်းဟောင်းစာတို့က ၄င်းတို့၏ မိခင်ပါတီဖြစ်သည့် မွန်ပြည်သစ်ပါတီသို့ ပြန်ဝင်မည်ဖြစ်ပြီး မွန်သံဃာ အရှင်ဥက္ကသမှာ မွန်စာပေနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အခမ်းအနားတွင် ပြောကြားခဲ့သည်။

    ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားတွင် ကိုယ်စားလှယ်အနေဖြင့် မွန်ပြည်သစ်ပါတီမှ (NMSP) နိုင်အောင်မငေး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ (AMDP) နိုင်အောက်စာ၊ မွန်ဒီမိုကရေစီပါတီ (MDP) နိုင်စိုးမြင့်တို့ အပြင် မွန်ရဟန်းပျိုများလည်း ဂုဏ်ပြုမိန့်ခွန်းများ ပြောကြားပေးခဲ့ပြီး တက်ရောက်လာသည့် ရေးမြို့နယ်ရှိ ကျေးရွာအသီးသီးမှ မွန်လူငယ်အဖွဲ့များက လက်ဆောင်များပေးခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks