spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းသံလွင်တိုင်း(မ်) ဂျာနယ် ယနေ့ဖြန့်ချိပြီ

    သံလွင်တိုင်း(မ်) ဂျာနယ် ယနေ့ဖြန့်ချိပြီ

    -

    ကျလွန်းထော – မွန်ပြည်နယ် မော်လမြိုင်မြို့ အခြေစိုက် သံလွင်တိုင်း(မ်) ဂျာနယ် ယနေ့ (မေ ရ) ရက်နေ့တွင် စတင် ဖြန့်ချိနေပြီ ဖြစ်သည်။

    ပထမအကြိမ်ထုတ်သံလွင်တိုင်းမ် ဂျာနယ်(Photo-Thanlwintime)

    ယင်းဂျာနယ်ကို မွန်ပြည်နယ် (၁၀) မြို့နယ်တွင် သာမက ရန်ကုန်မြို့ရှိ စာပေတိုက်သို့လည်း ပို့ဆောင်ပေးနေသည်ဟု သံလွင်တိုင်း(မ်) ဂျာနယ် အယ်ဒီတာအဖွဲ့ဝင် မင်းမင်းနွယ်က ပြောသည်။

    မင်းမင်းနွယ်က “အခု ကျနော်တို့ ရုံးကနေတဆင့် မြို့နယ်တိုင်းမှာရှိတဲ့ ကိုယ်စားလှယ်တွေကို ဖြန့်ပေးနေတယ်၊ တစ်မြို့နယ်ဆိုရင် စောင်ရေ အုပ် (၁၀၀) ပို့ပေးတယ်၊ သံလွင်တိုင်း (မ်) ဂျာနယ် မြန်မာပြည်အနှ့ံ ပြန့်အောင် ဖြန့်ချိသွားမှာဖြစ်တယ်” ဟု ပြောသည်။

    သံလွင်တိုင်း(မ်) ဂျာနယ်သည် မွန်ပြည်နယ်ရှိ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် နိုင်ငံရေး ဆိုင်ရာ သတင်းအချက်အလက်များကို မြန်မာဘာသာဖြင့် ပထမဦးဆုံး ထုတ်ဝေသည့် ဂျာနယ်ဖြစ်သည်။

    စာမျက်နှာ (၃၀) ပါဝင်ပြီး၊ စောင်ရေပေါင်း (၃၀၀၀) ကို၊ တစ်စောင်လျှင် (၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချမည်ဖြစ်သည်။ ယခုလက်ရှိတွင် မွန်ပြည်နယ်ရှိ သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့တို့၌ ကိုယ်စားလှယ်မရှိသောကြောင့် ၄င်း မြို့နယ် (၃) မြို့နယ်တွင် မဖြန့်ချိခဲ့ရပေ။

    ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင်မူ ကိုယ်စားလှယ်များ ခန့်အပ်ထားခြင်းမရှိသည့်အတွက် စာပေတိုက်များထံသို့ ကိုယ်တိုင်သွားရောက် ပို့ဆောင်ပေးနေရသည်ဟု သိရသည်။

    စာအုပ်ဆိုင်နှင့် စာပေတိုက်များ လက်ခံသည့်စောင်ရေပေါ်မူတည်ပြီး နောက်လများတွင် ပိုမိုထုတ်ဝေသွားမည်ဟု မင်းမင်းနွယ်က ပြောသည်။

    ဂျာနယ်စိစစ်ထုတ်ဝေရန်အတွက် စာပေစိစစ်ရေးဌာနသို့ တင်ပြသည့်အချိန်တွင် နိုင်ငံရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက် အနည်းငယ်ကို ပယ်ဖျက်ခံခဲ့ရသည်ဟု ဂျာနယ် အယ်ဒီတာအဖွဲ့ဝင် မင်းမင်းနွယ်က ပြောသည်။

    ယင်းပယ်ဖျက်ခံရသည့်အကြောင်းအရာထဲတွင် မွန်ပါတီနှစ်ခု ပူးပေါင်းရေးတွင် သံဃာတော်များ ဝိုင်းဝန်းဆောင်ရွက်ပေးသည့်အကြောင်း ဖြစ်သည်။

    မင်းမင်းနွယ်က “စာပေစိစစ်ရေးကနေပြီးတော့ နိုင်ငံရေးနဲ့ သံဃာတော်က မဆိုင်ဘူးလို့ ပြောတယ်” ဟု ပြောသည်။

    ယင်းသတင်းဂျာနယ်သည် စိတ်ဝင်စားဖွယ်ကောင်းသော်လည်း စာလုံးပေါင်းသတ်ပုံ မှားယွင်းသည့် အားနည်းချက် ရှိနေသည်ဟု စာဖတ်ပုရိဿတ်တစ်ဦးဖြစ်သည့် မော်လမြိုင်မြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင် ဒေါ်မိုးမိုးက ပြောသည်။

    ဒေါ်မိုးမိုးက “ကိုယ့်မွန်ပြည်နယ်က သတင်းတွေ ပိုပါတယ်ဆိုတော့ တခြားဂျာနယ်ထက် ပိုစိတ်ဝင်စားတာပေါ့နော်၊ ပြီးတော့ တခြားဂျာနယ်ထက်လည်း သတင်းတွေစုံတယ်၊ ဒါပေမယ့် အရေးကြီးတဲ့ စာသားတွေမှာ စာလုံးပေါင်း (စာလုံးပေါင်းမှား) တွေကျနေတာတော့ သိပ်မကောင်းဘူးပေါ့နော်” ပြောသည်။

    သံလွင်တိုင်း(မ်) ဂျာနယ်ကို ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ထုတ်ဝေခွင့်ရခဲ့သည်။

    ယင်းဂျာနယ်ကို မွန်ဘာသာဖြင့် ထုတ်ဝေခွင့်ရရန် တောင်းခံခဲ့သော်လည်း ခွင့်ပြုချက်မရရှိသေးကြောင်း သံလွင်တိုင်း(မ်) အယ်ဒီတာချုပ် နိုင်ချမ်းတွဲ့က ပြောသည်။

    သံလွင်းတိုင်း(မ်) ဂျာနယ်တွင် အယ်ဒီတာချုပ် နိုင်ချမ်းတွဲ့ဖြစ်ပြီး တာဝန်ခံ အယ်ဒီတာ မင်းအောင်ဇေ၊ အယ်ဒီတာအဖွဲ့ဝင်များအဖြစ် မင်းရာဇာရဲထွဋ်၊ မင်းအောင်ထူးနှင့် မင်းမင်းနွယ်တို့ ပါဝင်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks