spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းမွန်ခွဲထွက်ခေါင်းဆောင်နေအိမ်ကို ရဲနှင့်အာဏာပိုင်များအတင်းဝင်ရောက်

    မွန်ခွဲထွက်ခေါင်းဆောင်နေအိမ်ကို ရဲနှင့်အာဏာပိုင်များအတင်းဝင်ရောက်

    -

    ခတ္တာနန်း – ယမန်နေ့ နံနက် ၁၀ ကျော်နာရီခန့်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ မွန်ခွဲထွက်ခေါင်းဆောင် နိုင်စိုက်ချမ်း၏နေအိမ်သို့ ၎င်းမရှိခိုက် ရဲများနှင့်အတူအာဏာပိုင်များ လာရောက်ဝိုင်းရံပြီး နေအိမ်ကို အတင်းကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ကာယကံရှင် ပြောပြချက်အရ သိရသည်။

    မော်လမြိုင်မြို့၊ အမှတ် (၅၀) ဖက်ခင်းရပ်၊ ငန်းတေးလမ်း၊ စျေးကြိုရပ်ကွက်ရှိ ၄င်း၏နေအိမ်သို့ မော်လမြိုင်မြို့နယ် တရားရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်လူကြီးအချို့နှင့် ဒု-ရဲမှူးမျိုးသန့် ဦးဆောင်သည့် လုံထိန်းရဲအင်အားပေါင်း ၃၅ ဦးမနည်း နေအိမ်ခြံဝင်းသို့အတင်းဝင်ရောက်ခဲ့ရာတွင် အိမ်တွင်းရှိလူများနှင့် ရုန်းရင်းဆန်ခတ် အနည်းငယ်ဖြစ်ကြကာ ညနေ ၃ နာရီခန့်တွင် ကျူးကျော်ဝင်ရောက်သူအာဏာပိုင်များ ပြန်လည်ထွက်ခွာသွားကြသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

    “တကယ်ဆိုရင် သက်ဆိုင်ရာက ကြိုတင်အကြောင်းကြားပြီးမှ အိမ်ကိုလာသင့်တယ်၊ ခုဟာက ရဲတွေနဲ့အများကြီးလာတယ်၊ မပြောမဆိုနဲ့ အိမ်တံခါးတွေကို ရိုက်ဖျက်တယ်၊ အခုလိုလုပ်တာ ဥပဒေနဲ့ လုံးဝကိုက်ညီမှုမရှိဘူး” ဟု နိုင်စိုက်ချမ်းက ဆက်ပြောပါသည်။

    နိုင်စိုက်ချမ်းအနေဖြင့် ဥပဒေဘောင်အတွင်းဝင်ရောက်ခိုလှုံခဲ့သည်မှာ ဥပဒေကိုလေးစားလိုက်နာသူတစ်ဦးဖြစ်လိုကြောင်း ၄င်းကအတိအလင်း ပြောသည်။

    “ရုန်းရင်းဆန်ခတ် သိပ်ကြီးကြီးကျယ်ကျယ်တော့ မဖြစ်လိုက်ပါဘူး၊ ဒါပေမဲ့ အိမ်မှာရှိနေတဲ့ လူတွေနဲ့တော့ စကားအခြေအတင် အတော်လေးပြောဖြစ်ကြတယ်၊ ရဲတွေကတော့ ဝတ်စုံအပြည့်ပဲ လက်နက်တွေလည်းပါတယ်၊ သူတိုက တံခါသော့ကိုဖျက်ပြီး အိမ်ထဲကို ဝင်ကြတာ” ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူ သံလွင်တိုင်း(မ်) ဂျာနယ်မှ အယ်ဒီတာ မင်းမင်းနွယ်က ပြောသည်။

    ၄င်းနေအိမ်ပိုင်ဆိုင်မှုနှင့်ပတက်၍ တရားပြိုင် အပ္ပရောင်း (ခေါ်) မောင်အေးနှင့် နိုင်စိုက်ချမ်းတို့ ၄င်းနေအိမ်ကို သူပိုင်ကိုယ်ပိုင်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ်၊ ခရိုင်တရားရုံးတို့၌ အပြန်အလှန်တရားစွဲဆိုထားကြသည်ဟု သိရသည်။

    မဆလခေတ် ဒေသပါတီယူနစ်အဖွဲ့ဝင် ဦးသိန်းအောင်တင် ပိုင်ဆိုင်သည့်နေအိမ်ကို ၎င်းကွယ်လွန်ပြီးနောက် သက်ဆိုင်ရာသားသမီးများထံမှ ၂၀၀၈ ခုနှစ်တွင် နိုင်စိုက်ချမ်းဝယ်ယူခဲ့ပြီးနောက် မောင်အေး(ခေါ်)အပ္ပရောင်း ကလည်း အဆိုပါနေအိမ်ကို ဦးသိန်းအောင်တင် မကွယ်လွန်မီကပင် ၀ယ်ယူခဲ့သည်ဟုဆိုကာ နှစ်ဦးနှစ်ဖက် အမှုရင်ဆိုင်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း သက်ဆိုင်ရာတရားရုံးများမှ တိကျရှင်းလင်းသည့် ဆုံးဖြတ်ချက်အမိန့် မကျသေးဟု နိုင်စိုက်ချမ်းက ပြောသည်။

    အလားတူ လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင်လည်း နိုင်စိုက်ချမ်း အိမ်တွင်မရှိခိုက် တရားပြိုင်မောင်အေးနှင့် မော်လမြိုင်မြို့ခံရဲများ ၄င်းနေအိမ်ကို ပထမအကြိမ်လာရောက်ဝိုင်းခဲ့သေးကြောင်း နိုင်စိုက်ချမ်းက ပြောသည်။

    လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ မော်လမြိုင်ခရိုင်ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ ယခုကိစ္စရပ်အားဖြေကြားမည့်သူမရှိဟု ဖုန်းကိုင်သူ ရဲအရာရှိက ပြန်ပြောသည်။

    အဆိုပါယမန်ဖြစ်စဉ်အား မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးထားခဲ့ပြီး သမ္မတနှင့် ပြည်နယ်ဝန်ကြီးချုပ်ထံ ဆက်လက်တိုင်ကြား တရားစွဲဆိုသွားမည်ဟု နိုင်စိုက်ချမး်က ပြောသည်။

    နိုင်စိုက်ချမ်းခေါင်းဆောင်သော မွန်ခွဲထွက်အဖွဲ့သည် တနင်္သာရီတိုင်းတွင် အခြေစိုက်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks