Saturday, March 14, 2026
More
    spot_img
    Homeသတင်းသံလွင်တိုင်း(မ်) ဂျာနယ် မိတ်ဆက်ပွဲပြုလုပ်

    သံလွင်တိုင်း(မ်) ဂျာနယ် မိတ်ဆက်ပွဲပြုလုပ်

    -

    ကျလွန်းထော – မကြာမီထုတ်ဝေတော့မည့် သံလွင်တိုင်း(မ်) ဂျာနယ်မိတ်ဆက်ပွဲကို ယနေ့ နံနက် (၉) နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ဘိုးဘွားရိပ်သာ စားသောက်ဆိုုင်၌ ကျင်းပပြုလုပ်ခဲ့သည်။

    သံလွင်တိုင်း(မ်) ဂျာနယ် ယနေ့မိတ်ဆက်ပွဲမြင်ကွင်းတစ်ခု(Photo-IMNA)
    အခမ်းအနားကို နေ့လည် ၁၁ နာရီအထိကျင်းပခဲ့ပြီး မော်လမြိုင်မြို့ခံ သတင်းမီဒီယာအဖွဲ့ဝင်များ၊ စာပေနှင့် စာနယ်ဇင်းအဖွဲ့ဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်မိရပ်ဖများအပြင် ဘီလူးကျွန်း ချောင်းဆုံမြို့နယ်မှ မွန်ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာအောင်နိုင်ဦးလည်း တက်ရောက်ခဲ့သည်ဟု သံလွင်တိုင်း(မ်) ဂျာနယ်အယ်ဒီတာအဖွဲ့ဝင် မင်းမင်းနွယ် ကပြောသည်။

    “တစ်လတစ်စောင်နဲ့ သုံးလလောက်ထုတ်ပြီးရင် နှစ်ပါတ်တစ်စောင် ထုတ်နိုင်အောင် စီစဉ်ထားပါတယ်၊ အဓိက ကတော့ မွန်၊ ကရင်၊ တနင်္သာရီ ဒေသမှာရှိတဲ့ ပြည်သူတွေရဲ့အသံ၊ မွန်ဒေသရဲ့ ကိုယ်စားပြု သတင်းစုံ၊ ကဏ္ဍစုံထုတ်ဝေသွားမယ်” ဟု မင်းမင်းနွယ်က ပြောသည်။

    သံလွင်တိုင်း(မ်) ဂျာနယ်ကို လာမည့်ဧပြီလ (၂၈) ရက်နေ့တွင် စာပေစီစစ်ရေးဌာနသို့ တင်ပြရမည်ဖြစ်ပြီး လာမည့်မေလ (၇) ရက်နေ့တွင် ဖြန့်ဝေသွားမည်ဟု သိရသည်။

    သံလွင်တိုင်း(မ်) ဂျာနယ် အောင်မြင်ဖြစ်ထွန်းလာရန်နှင့် စာဖတ်သူများအနေနှင့်လည်း ၄င်းတို့၏ ဂျာနယ်ကို အားပေးကြလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ဂျာနယ်၏ အယ်ဒီတာချုပ် နိုင်ချမ်းတွဲ့ ကပြောသည်။

    ထိုသို့ ဂျာနယ်ထုတ်ဝေခွင့် ပါမစ်တောင်းခံရာတွင် မြန်မာဘာသာအပြင် မွန်ဘာသာဖြင့် ထုတ်ဝေခွင့်ကို တောင်းခံခဲ့သော်လည်း ခွင့်ပြုချက်မရရှိသေးကြောင်း အယ်ဒီတာချုပ်က ပြောသည်။

    “မွန်ဒေသမှာရှိတဲ့ တချို့ပြည်သူတွေက ဗမာစာ မဖတ်တတ်တဲ့သူတွေရှိတယ်၊ အဲဒီအတွက် ကျနော်တို့ ထုတ်တဲ့ဗမာဘာသာအတိုင်းကို မွန်ဘာသာ ပြန်ပြီးထုတ်ချင်တဲ့အကြောင်း စာပေစိစစ်ရေးကို ကျနော်ကိုယ်တိုင်တင်ပြခဲ့ပါတယ်၊ တိုင်းရင်းသားစာပေထုတ်ဝေခွင့်အတွက် ခွင့်ပြုချက်ရဖို့ ခဲယဉ်းနေဦးမယ်လို့ ကျနော်ထင်တယ်၊ ဒါပေမယ့် ကျနော်တို့ အားမလျော့ပါဘူး၊ စာပေစိစစ်ရေးအဖွဲ့နဲ့ နောက်ထပ်တွေ့ဆုံပွဲမှာ ထပ်မံ တောင်းဆိုသွားဦးမယ်” ဟု သူကဆက်ပြောသည်။

    သံလွင်တိုင်း(မ်) ဂျာနယ်ကို လက်ရှိအခြေအနေအရ မြန်မာတစ်ဘာသာတည်းဖြင့် မွန်ဒေသတဝိုက် ဖြစ်ပျက်နေသည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးသတင်းစုံကို ထုတ်ဝေသွားမည်ဟု သိရသည်။

    ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့မှ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် သံလွင်တိုင်း(မ်) ဂျာနယ်ထုတ်ဝေခွင့်နှင့် ကျင့်သုံးသွားမည့် မူဝါဒ (၄) ချက်၊ စာပေစိစစ်ရေးမူများ (၁၂) ချက်နှင့်၊ စည်းကမ်းချက်များ (၇) ချက်အတိုင်း ချမှတ်ပေးခဲ့ပြီး ဖြစ်သည်။

    လက်ရှိ သံလွင်တိုင်း(မ်) ဂျာနယ်တွင် အယ်ဒီတာချုပ် နိုင်ချမ်းတွဲ့ဖြစ်ပြီး တာဝန်ခံအယ်ဒီတာ မင်းအောင်ဇေ၊ အယ်ဒီတာအဖွဲ့ဝင်များအဖြစ် မင်းရာဇာရဲထွဋ်၊ မင်းအောင်ထူးနှင့် မင်းမင်းနွယ်တို့ ပါဝင်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks