spot_img
Friday, February 27, 2026
More
    spot_img
    Homeအယ်ဒီတာ့အာဘော်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် နိုင်ငံတကာနှင့် လူထုမှ ပါဝင်လာရေး

    ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် နိုင်ငံတကာနှင့် လူထုမှ ပါဝင်လာရေး

    -

    ယခုကာလတွင် ကချင်ဒေသမှလွဲပြီး ကျန်သောဒေသအသီးသီးတွင် အစိုးရမှ သက်ဆိုင်ရာတိုင်းရင်း သား လက်နက်ကိုင်အင်အားစုများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူနိုင်ပြီ ဖြစ်သည့်အတွက် သေနတ်အသံများ တိတ်ဆိတ်သွားပြီ ဖြစ်သည်။ သို့ရာတွင် ကချင်ဒေသ၌ အစိုးရ၏ တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် ကချင်ပြည်သူ ထောင်ပေါင်းများစွာ ဒုက္ခရောက်ကြရပေသည်။

    မည်သို့ပင်ဆိုစေ၊ အခြားသော တိုင်းရင်းသားဒေသတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့် ငြိမ်းချမ်းရေး ရောင်ခြည်သန်းလှပြီ ဖြစ်သည်။ သမတဦးသိန်းစိန် ဦးဆောင်သော အစိုးရသည်လည်း သက်ဆိုင်ရာလက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် နိုင်ငံရေးကိစ္စကို ပြေလည်အောင် ဆွေးနွေးပြီး ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ကတိကဝတ်ပြုထားသည့် အတွက် ကြိုဆိုရပေမည်။

    အစိုးရအနေနှင့်လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနှင့် လည်းကောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သဘောထား ရိုးသားရမည် ဖြစ်သည်။ လက်နက်အားဖြင့် နိုင်ငံရေး ပြဿနာကို ဖြေရှင်းရမည်ဆိုသည့်အသိ စွန့်လွတ်ကြရန် လိုအပ်ပေပြီ။ လက်ရှိသမတဦးသိန်းစိန် အစိုးရသည်လည်း တကယ်တမ်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို လို လားမည်ဆိုပါက တိုင်းရင်းသားတို့ သင့်ရထိုက်သောအခွင့်အရေးကို အာမခံချက်ပေးရမည်ဖြစ်သည်။ စစ်မှန်သော ပြည်ထောင်စုတရပ်တည်ဆောက်နိုင်ပြီ ဆိုပါက အစိုးရနှင့်တပ်မတော်မှ စိုးရိမ်နေသည့် ခွဲ ထွက်ရေးကို မည်သည့်တိုင်းရင်းသားမှ တောင်းဆိုမည်မဟုတ်ပေ။

    နှစ်ပေါင်း (၂၅၀) ကျော်ကြာ ပြည်တွင်းစစ်ကာလတွင် စစ်ဘေးစစ်ဒဏ်အခံရဆုံး ပုဂ္ဂိုလ်များမှာ တိုင်း ရင်းသားပြည်သူများ ဖြစ်ပေသည်။ စစ်ဘေးစစ်ဒဏ်မခံရသော်လည်း ပြည်တွင်းစစ်အတွက် အသုံးပြုသည့် စစ်စရိတ်နှင့် စစ်အုပ်ချုပ်ရေးကြောင့် ဗမာပြည်သူအများအပြား နိုင်ငံရေးလွတ်လပ်မှု ဆုံးရှုံးပြီး စီးပွားရေး ချွတ်ခြုံကျရပေသည်။ ယခု ငြိမ်းချမ်းရေးကြိုးပမ်းမှုတွင် ဗမာနှင့် တိုင်းရင်းသားလူမျိုးတို့၏ ဆန္ဒလိုလားချက်နှင့် အသံ ပါဝင်သင့်ပေသည်။ ပြည်သူလူထု၏ အသံသည် ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် အထောက်အကူပြုရုံသာမက၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကိုလည်း ပ့ံပိုးပေးမည် ဖြစ်ပေသည်။

    ထို့အပြင် နိုင်ငံတကာတွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များသည် ငြိမ်းချမ်း ရေးလုပ်ငန်းအဆင့်ဆင့်တွင် ပါဝင်သင့်ပေသည်။ ပြည်ပရောက် တိုင်းရင်းသားများမှာ မိမိတို့၏အမျိုးသား လွတ်မြောက်ရေးတွင် တတပ်တအားပါဝင်ကြသူများ ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ ပဋိပက္ခကို နားလည်ကြသူများ ဖြစ်ပေသည်။ ၄င်းတို့မှ ငြိမ်းချမ်းရေးလုပ်ငန်းတွင် အကြံပြုနိုင်မည်ဆိုပါက အနာဂတ် အမျိုးသားပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် ၄င်းတို့ နိုင်ငံတကာမှ တတ်ကျွမ်းသောအတတ်ပညာများနှင့် ပံ့ပိုးနိုင်မည် ဖြစ်ပေသည်။

    ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် နိုင်ငံတကာအကြံပြုအဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးခေါင်းဆောင်များ ပါဝင်လာရန် အထူးအရေးကြီးပေသည်။ ထိုငြိမ်းချမ်းရေးခေါင်းဆောင်နှင့် အဖွဲ့အစည်းများသည် နိုင်ငံ တကာတွင် ၄င်းတို့၏အတွေ့အကြုံအများအပြား ရှိကြသူများဖြစ်သဖြင့် မြန်မာနိုင်ငံငြိမ်းချမ်းရေး အတွက် ပ့ံပိုးနိုင်မည် ဖြစ်ပေသည်။

    အပစ်အခတ်ရပ်စဲရေးမှ ငြိမ်းချမ်းရေးဆီ ချီတက်သွားရမည်ဖြစ်သည်။ ကချင်ဒေသတွင် သေနတ်အသံ တိတ်ရန် လိုအပ်နေပြီ။ လက်နက်ပဋိပက္ခဆီသို့ အနောက်ပြန်ဆုတ်မည့် အနေအထားကို အားလုံးမှ ဟန့်တားရမည်။ ငြိမ်းချမ်းရေးလုပ်ငန်းအတွက် လက်နက်ကိုင်တိုင်းရင်းသားများနှင့် အစိုးရသာမက ပြည်တွင်းနိုင်ငံရေးပါတီများ လူထုခေါင်းဆောင်များ၊ ပြည်ပရောက်ကိုယ်စားလှယ်များနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး ဖော်ဆောင်သည့်အဖွဲ့အစည်းများ ပါဝင်မှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်နိုင် ကြောင်း တင်ပြလိုက်ရပေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks