spot_img
Sunday, October 5, 2025
More
    spot_img
    Homeသတင်းရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) အစိုးရနှင့်ငြိမ်းချမ်းရေးဆွေးနွေးမည်

    ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) အစိုးရနှင့်ငြိမ်းချမ်းရေးဆွေးနွေးမည်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ်သို့ မကြာခင်ရက်ပိုင်းအတွင်း ခရီးထွက်ခွာမည်ဖြစ်သည်။

    ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က “ကျနော်ကအဖွဲ့ခေါင်းဆောင်၊ အိန္ဒယနယ်စပ်၊ ဘင်္ဂလားဒေ့နယ်စပ်၊ ထိုင်းနယ်စပ်တွေမှာ ရှိတဲ့ကျနော်တို့ပါတီကိုယ်စားလှယ်တွေ သွားရောက်ကြမယ်” ဟု ပြောသည်။

    ALP ဒုဥက္ကဌခိုင်စိုးနိုင်အောင်(Photo- IMNA)
    လာမည့် မတ်လ(၃၁) ရက်နေ့တွင် မဲဆောက်မြို့မှတဆင့် ခိုင်စိုးနိုင်အောင်နှင့် အဖွဲ့ဝင် ၆ ဦးတို့ ဖားအံမြို့သို့ ခရီးထွက်ခွာမည်ဖြစ်ပြီး ထိုမှတဆင့်ရန်ကုန်မြို့သို့၄င်း၊ ဧပြီလ(၂) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိဟု ခရီးစဉ်များကြိုတင်ရေးဆွဲထားသည်။

    ထို့အတူ ဒုအဖွဲ့ခေါင်းဆောင် ခိုင်သုခဦးဆောင်သော အဖွဲ့ဝင်တစ်ဆယ့်နှစ်ဦးတို့သည် မတ်လ (၂၇) ရက်နေ့တွင် ဗဟိုဌာနချုပ်မှ ခရီးစတင်ထွက်ခွာမည် ဖြစ်သည်။

    “ဧပြီလ ၄-၅ ရက်နေ့တွေမှာ ဆွေးနွေးဖြစ်မယ်၊ ကျနော်တို့အဖွဲ့ဝင်အားလုံး ၂၁ ယောက်ရှိမယ်” ဟု ခိုင်စိုးနိုင်အောင်က ဆက်ပြောသည်။

    သမ္မတ ဦးသိန်းစိန်အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် (ဦးအောင်သောင်း ခေါင်းဆောင်သော အဖွဲ့)၏ဒုတိယ အဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်မှ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့စွဲဖြင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ ဒုဥက္ကဌထံသို့ အချက်(၃) ချက်ပါ ပေးတစ်စောင် ပေးပို့ခဲ့သည်။

    ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဌကြီး ခိုင်ရဲခိုင်မှ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေး ဖိတ်ကြားလွာကို လက်ခံရရှိကြောင်းနှင့် ကြိုဆိုကြောင်း အကြောင်းပြန်ကြားစာကို လက်မှတ်ရေးထိုးကာ ၂၀၁၂ ဇန်နဝါရီလ (၂၇) ရက်နေ့စွဲတွင် အကြောင်းပြန်ကြားခဲ့ရာမှ ငြိမ်းချမ်းရေးဆွေးနွေးရန် နေ့ရက်သတ်မှတ်ခဲ့ကြသည်။

    ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကို ၁၉၆၇ ခုနှစ် ဧပြီလ(၉) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်နက်ကိုင်တိုင်းရင်းသားပါတီများစုဖွဲ့ထားသော အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု NDF အဖွဲ့ဝင်ဖြစ်သည်။

    လက်ရှိမြန်မာအစိုးရသည် လက်နက်ကိုင်တိုင်းရင်းသားပါတီများနှင့် အပစ်အခတ်ရပ်စဲမှုဆက်တိုက်ပြုလုပ်လာခဲ့ရာ အဖွဲ့အစည်းများစွာနှင့် သဘောတူညီမှုရရှိသော်လည်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ မအောင်မြင်သေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,200SubscribersSubscribe
    spot_img

    Latest posts