ခတ္တာနန်း– မွန်ပြည်နယ်၊ ဘီလူကျွန်း-ချောင်းဆုံမြို့နယ်တွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP တို့မှဦးဆောင်ပြီး ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဥပဒေနှင့် စပ်လျှဉ်းသည့် ရှင်လင်းချက်များကို ကျေးရွာများတွင် ပြုလုပ်လျှက်ရှိသည်။
မွန်ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာအောင်နိုင်ဦးက “ အခုဆိုရင် ကွမ်ရိုက်၊ တော်ကနာ၊ ကမာမိုရွာတွေနဲ့ အနီးပတ်ဝန်းကျင် ရွာတွေလောက်ပဲရသေးတယ်၊ ” ဟု ပြောသည်။
ဒေါက်တာအောင်နိုင်ဦးက “ ဝါသနာပါတဲ့လူတွေကိုဖိတ်ပြီး ပထမအဆင့်မှာ လက်ဖက်ရေကြမ်းစကားဝိုင်းပုံစံ ဆွေးနွေးပွဲလုပ်တယ်၊ အဲဒီကတဆင့် လူအများနဲ့ဆက်ပြီး ဆွေးနွေးပွဲပုံစံ သင်တန်းလိုပုံစံမျိုးသွားတယ်၊ စိတ်ဝင်စားတဲ့လူတွေ အတော်များပါတယ်” ဟု ဆက်ပြောသည်။
လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပတ်သက်သော ဥပဒေကို ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွတ်တော် ဥပဒေအမှတ်(၁)အဖြစ် အတည်ပြုပြဌာန်းခဲ့ပြီးနောက် ချောင်းဆုံမြို့နယ်တွင် ရပ်/ကျေးမှူး ရွေးချယ်ရေးနှင့် ပတ်သက်သောသင်တန်းဆွေးနွေးပွဲကို စတင်လုပ်ဆောင်နေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ဦးမျိုး (ဥပဒေ) က “ ဒီဥပဒေမှာ ထူးခြားချက်နည်းနည်းပါးပါးပါတယ်၊ ဖွဲ့စည်းပုံမှာက မြို့ကရပ်/ကျေးအုပ်ချုပ်ရေးမှူးကို တိုက်ရိုက်ခန့်တယ်၊ အခုပြုပြင်ပြောင်းလဲလိုက်တဲ့ ဥပဒေမှာက အရင်ကလိုမြို့ကနေ တိုက်ရိုက်ခန့်တာမဟုတ်တော့ဘူး၊ ၁၀ အိမ်ခေါင်းတွေကို လျှို့ဝှက်မဲနဲ့ခန့်မယ်၊ ပြီးရင် အဲဒီ ၁၀ အိမ်ခေါင်းတွေကိုစုပြီးတော့ ကိုယ့်ရဲ့ ရပ်/ကျေးမှာထပ်ပြီး လျှို့ဝှက်မဲနဲ့ ရွေးမယ်၊ အဲဒီလို လျှို့ဝှက်မဲနဲ့ ရွေးတာဟာတစုံတရာ ပြောင်းလဲမှုရှိနိုင်တာကြောင့် ကောင်းပါတယ်” သုံးသပ်သည်။
၂၀၁၁ ခုနှစ်တွင်လည်း မွန်ပြည်နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးနေရာများအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်က ကျေးရွာတစ်ရွာလျှုင်အုပ်ချုပ်ရေးမှူး ၂ ဦးစီကြိုတင်ရွေးချယ်စေခဲ့ပြီး ၎င်းအနက် ကျေးရွာမှနှစ်သက်သူတစ်ဦးကို အတည်ပြုခန့်အပ်ပေးခဲ့သည်။