Homeသတင်းILO နှင့်မြန်မာအစိုးရနားလည်မှုစာချွှန်လွှာ FTUB ကန့်ကွက်

ILO နှင့်မြန်မာအစိုးရနားလည်မှုစာချွှန်လွှာ FTUB ကန့်ကွက်

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO နှင့် မြန်မာအစိုးရတို့ မကြာခင်ရက်ပိုင်းက ချုပ်ဆိုခဲ့သော အဓမ္မလုပ်အားပေးခိုင်းစေမှုပပျောက်ရေး နားလည်မှုစာချွှန်လွှာကို မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FTUB မှ ပြင်းထန်သောကန့်ကွက်စာတစ်စောင် မတ်လ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

“အိုင်အယ်လ်အိုအနေနဲ့ အခုလိုစာချွှန်လွှာလက်မှတ်ရေးထိုးလိုက်တဲ့အတွက် မြန်မာနိုင်ငံမှာနောက်ထပ် ၃ နှစ် အဓမ္မလုပ်အားပေးခိုင်းစေမှုရှိလို့ရတယ် ဆိုတဲ့အနေအထားဖြစ်နေတဲ့အတွက် ကျနော်တို့ကန့်ကွက်တာ ဖြစ်တယ်” ဟု FTUB အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်က ပြောသည်။

ILO အစည်းအဝေးမြင်ကွင်း(Photo-Internet)
အလုပ်သမားဒုဝန်ကြီးဦးမြင့်သိန်းနှင့် ILO ရန်ကုန်ရုံးခွဲမှ ဆက်သွယ်ညှိနှိုင်းရေးမှူးတို့သည် မတ်လ ၁၆ ရက်နေ့တွင် အဓမ္မလုပ်အားပေးခိုင်းစေမှုပပျောက်ရေးနှင့် ကလေးစစ်သားစုဆောင်းမှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး ပူးပေါင်းဖြေရှင်းသွားရေး နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

၄င်းနားလည်မှုစာချွန်လွှာအရ ၂၀၁၅ ခုနှစ်၌ မြန်မာနိုင်ငံတွင်း အဓမ္မလုပ်အားပေးခိုင်းစေမှု လုံးဝ ပပျောက်အောင် လုပ်ဆောင်မည်ဟု သိရသည်။

“အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆိုတဲ့အထဲမှာ အလုပ်သမားအစုအဖွဲ့ကို တိုင်ပင်တာမရှိဘူး၊ အကြောင်းကြားတာပဲရှိတယ်၊ ဒီသဘောတူညီချက်အရ ဒီ ၃ နှင့်အတောအတွင်းမှာ အဓ္ဓမစေခိုင်းမှုတွေတွေ့လို့ရှိရင် အိုင်အယ်လ်အိုက လုံးဝအရေးယူလို့ရမယ့်အနေအထားရှိမှာ မဟုတ်ဘူး” ဟု ဦးမောင်မောင်က ဆက်ပြောသည်။

ရန်ကုန်အိုင်အယ်လ်အိုဆက်ဆံရေးရုံးအား အိုင်အယ်လ်အိုတွင်ပါဝင်သည့် အစိုးရအဖွဲ့များ၊ အလုပ်ရှင်အဖွဲ့အစည်းများနှင့် အလုပ်သမားအဖွဲ့အစည်းများပေးအပ်ခဲ့သည့်အချိန်၊ ထောက်ပံ့ငွေကြေးများ၊ ပေးအပ်ခဲ့သည်ယုံကြည်မှုများအားလုံးသည် လုံးဝအချည်းနှီးသာဖြစ်သည်ဟု FTUB ကြေညာချက်တွင် ရေးသားထားသည်။

မြန်မာနိုင်ငံသားများအနေဖြင့် အဓမ္မလုပ်အားပေးစေခိုင်းမှုများကို ILO သို့တိုင်ကြားခွင့်ပြုရန် မြန်မာအစိုးရနှင့် ILO တို့ ၂၀၀၇ ခုနှစ်မှစတင်၍ နှစ်ဖက်သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

သို့ရာတွင် ILO သို့ တိုင်ကြားလာသည့်အမှုများကို ILO ကကြိုးစားဖြေရှင်းခဲ့သော်လည်း မြန်မာအစိုးရဘက်မှ ထိမိစွာကိုင်တွယ်ဆောင်ရွက်ခြင်း မရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံအတွင်း အဓမ္မလုပ်အားပေးစေခိုင်းမှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြနေဆဲဖြစ်သည်။

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FTUB ကို ဒီမိုကရေစီပြန်လည်ထွန်းကားရေး၊ လူ့အခွင့်အရေး၊ တရားမျှတရေးနှင့် အလုပ်သမားများအခွင့်အရေးရရှိရေးအတွက် ၁၉၉၁ ခုနှစ်မှစတင်၍ ပြည်ပတွင် စတင်တည်ထောင်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts