Friday, March 13, 2026
More
    spot_img
    Homeသတင်း၂၆၀၀ ပြည့်ဗုဒ္ဓပူဇနိယပွဲတော်သို့ မွန်အမျိုးသားနေ့ကျင်းပရေး(ဗဟို)သွားရောက်ပူဇော်

    ၂၆၀၀ ပြည့်ဗုဒ္ဓပူဇနိယပွဲတော်သို့ မွန်အမျိုးသားနေ့ကျင်းပရေး(ဗဟို)သွားရောက်ပူဇော်

    -

    ကျလွန်းထော-မွန်အမျိုးသားနေ့ကျင်းပရေး(ဗဟို)ကော်မတီသည် (ယနေ့)တပေါင်းလပြည့်နေ့ ၂၆၀၀ ပြည့်ဗုဒ္ဓပူဇနိယပွဲတော် အထူးအမြတ်နေ့ကို သွားရောက်ဖူးမြော်ကြသည်ဟု သိရသည်။

    မွန်ပြည်နယ်ဒေသအသီးသီးမှ လူငယ်များ အသိပညာတိုးပွားလာစေရန်၊ ရင်းနှီးကျွမ်းဝင်မှု တိုးပွားလာစေရန်နှင့် မွန်ဘုရင်ခေတ်အဆက်ဆက်မှ တည်းထားကိုးကွယ်ခဲ့သည် စေတီများအကြောင်း သိကျွမ်းစေလိုသည့် ရည်ရွယ်ချက်ဖြစ် ခရီးစဉ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း (၆၅) ကြိမ်မြောက်မွန်အမျိုးသားနေ့ (ဗဟို) ဒုဥက္ကဌ ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

    ရွှေတိဂုံ ၂၆၀၀ နှစ်ပြည့်(Photo-Internet)
    “ရွှေတိဂုံဘုရားပေါ်မှာ သီလခံယူကြမယ်၊ ပြီးတော့ ဒီညနေခင်းမှာ ပဲခူးရွှေမော်ဓောဘုရားမှာ လူငယ်တွေအချင်းချင်း မိတ်ဆုံစကားဝိုင်းလုပ်ပြီးတော့ ဘုရားစေတီတွေ အကြောင်း ဟောပြောကြမှာဖြစ်တယ်” ဟု ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

    မွန်လူငယ် (၄၀၀) ကျော်တို့က မှန်လုံးကားကြီး (၆) စီးနှင့် မှန်လုံးကားငယ် (၂) စီးတို့ဖြင့် ဘုရားဖူးမြော်လာကြကြောင်း သိရသည်။

    “အခုလို ဘုရားဖူး လိုက်ပါလာခဲ့ရတာ ကျနော်အရမ်းဝမ်သာပါတယ်၊ ကျနော်တို့ ဖူးမြော်ခဲ့တဲ့ ဘုရားတွေအားလုံးဟာ ခေတ်အဆက်ဆက်ကမွန်လူမျိုးတွေ တည်ထားခဲ့တယ်ဆိုတာကို သိလိုက်ရတော့ အရမ်းကို ပီတိ ဖြစ်မိပါတယ်” ဟု ဘုရားဖူးလိုက်ပါလာသူ မွန်လူငယ် မင်းဆန္ဒက ပြောသည်။

    ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အနှစ် ၂၆၀၀ ပြည့် ဗုဒ္ဓပူဇနိယပွဲတော်သို့ ဖူးမြှော်ကြပီးနောက် ရန်ကုန်မြို့အနီးတဝိုက်ထင်ရှားသည့် ရှေးမွန်စေတီဟောင်းများဖြစ်သည့် မယ်လမု၊ ကျိုက်ကလို့၊ ကျိုက်ကလဲ့စေတီတော်များကိုလည်း သွားရောက်ဖူးမြှော် ခဲ့ကြသည်။

    “မွန်ပြည်နယ်အပြန်ခရီးမှာ ရှေ့အစဉ်ဆက် မွန်ဘုရင်တွေ တည်ထားကိုးကွယ်ခဲ့တဲ့ စေတီတော်ဖြစ်တဲ့ ကျိုက်ထို၊ ကျိုက်ပေါလောစေတီကိုလည်း ဖူးသွားမှာ ဖြစ်တယ်” ဟု ဒုဥက္ကဌ ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

    ရွှေတိဂုံစေတီတော်၏ အနှစ် ၂၆၀၀ ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့ တပေါင်းလပြည့်နေ့တွင် သံဃာတော်အပါး ၂၆၀၀ ပင့်ဆောင် ဆည်းကပ်ပူဇော်ကြသည်။ စေတီတော် ပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစ၌ ယနေ့ မတ်လ ရ ရက်နေ့အထိကျင်းပခဲ့ကြပြီး ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲ၊ ဆီးမီးပူဇော်ပွဲ၊ ဆွမ်းဆန်တော် လောင်းလှူပွဲ၊ အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပပြုလုပ်ကြသည်။

    ဂေါတမမြတ်စွာဘုရားရှင် ဘုရားအဖြစ်သို့ ရောက်တော်မူပြီး (၄၉) ရက်အကြာ ဝါဆိုလဆန်း ၅ ရက်နေ့တွင် မွန်လူငယ်ကုန်သည်ညီနောင်နှစ်ပါးဖြစ်သည့် တဖုဿနှင့် ဘလ္လိကတို့က ဘုရားရှင်အား ဖူးမြော်ပြီးနောက် မြတ်စွာဘုရားချီးမြှင့်သည့် ဆံတော်များကို ဌာပနာတော်မူ၍ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်နေ့တွင် တိဂုတ္တရကုန်းတော်၌ ရွှေတိဂုံစေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့သည်ဟု သမိုင်းမှတ်တမ်းများတွင်ဖေါ်ပြကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks