spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်၊ ဘုရားသုံးဆူကားလမ်း ဂိတ်များအကောက်ကြမ်း

    သံဖြူဇရပ်၊ ဘုရားသုံးဆူကားလမ်း ဂိတ်များအကောက်ကြမ်း

    -

    မိလယီထော– သံဖြူဇရပ်-ဘုရားသုံးဆူ မော်တော်ကားလမ်းတလျှောက်တွင် လက်နက်ကိုင်အဖွဲ့များမှ ဝါးတားဂိတ်များချထားပြီး ဂိတ်ကြေးအကောက်ကြမ်းလာသဖြင့် မော်တော်ကားသမားများ တွက်ခြေမကိုက် ဖြစ်နေကြကြောင်း ဆယ်ဘီးကားသမား ကိုအောင်နိုင်က ပြောသည်။

    သံဖြူဇရပ်မှ ဘုရားသုံးဆူအထိ မိုင် ၆၀ ကျော်ရှိ မော်တော်ကားလမ်းတလျှောက်တွင် ဝါးတားဂိတ် ၂၅ ဝန်းကျင်ခန့်ရှိသည်ဟု မော်တော်ကားသမားများက ပြောဆိုနေကြသည်။

    ဘုရားသုံးဆူဒေသမှပြည်တွင်းသို့ ခရီးသည်များတင်ဆောင်လာပုံ(Photo-IMNA)
    “ကျနော့်လို ၁၀ ဘီးကားတစ်စီး သံဖြူဇရပ်မြို့အထွက် အဖွဲ့စုံဂိတ်ကိုကျပ်သုံးသောင်း၊ ရေး-ဘုရားသုံးဆူလမ်းခွဲစစ်တပ်ဂိတ်ကို ကျပ်ခုနှစ်ထောင်၊ အပလုံ-မြိုင်သာယာကေအဲန်ယူဂိတ် ကျပ်ရှစ်သောင်း၊ တားဒိန်မွန်ဂိတ်ကျပ်နှစ်သောင်း၊ ချောင်းဆုံအဖွဲ့စုံဂိတ် ကျပ်ခြောက်သောင်း၊ ဒီကေဘီအေ သုံးသောင်း၊ သရက်ပင်ငြိမ်းချမ်းရေးကောင်စီ ကျပ်နှစ်သောင်း၊ မြို့အဝင်မော်တော်ယာဉ်ဂိတ် ကျပ်သုံးသောင်း ကျန်တဲ့အခြားဂိတ်တွေအပါအဝင် အားလုံးစုစုပေါင်း ဂိတ်ကြေးသက်သက် ငွေ ၆ သိန်းကျော်ပေးလိုက်ရတယ်” ဟု ကိုအောင်နိုင်က ဆက်ပြောသည်။

    ထို့အတူ လူစီးမော်တော်ယာဉ်များတွင်လည်း ခရီးသည်တစ်ဦးအတွက် ကျပ်တစ်ထောင်ကောက်ခံနေသည့် ဝါးတားဂိတ်များလည်းရှိနေသည်ဟု ကားသမားနိုင်မင်းက ပြောသည်။

    “ကျနော်တို့ခရီးသည်တင် မော်တော်ယာဉ်တွေလည်း တွက်ခြေမကိုက်တော့ပါဘူး၊ ဂိတ်တွေကအကောက်ကြမ်းလာတယ်၊ စျေးဆစ်ရင်လည်း ပစ္စည်းတွေဆွဲချတာတွေလုပ်သေးတယ်” ဟု နိုင်မင်းက ဆက်ပြောသည်။

    သံဖြူဇရပ်-ဘုရားသုံးဆူမော်တော်ကားလမ်းတွင် လက်ရှိကာလ၌ သာမန်ခရီးသည်တစ်ဦးအတွက် ကားခ မြန်မာကျပ်ငွေသုံးသောင်းခွဲဝန်းကျင်ဖြစ်နေသည်။

    ဂိတ်များပြားလာသဖြင့် သံဖြူဇရပ်နှင့် ဘုရားသုံးဆူမြို့အဝင်အနီးတဝိုက်တွင် ဂိတ်များကိုပတ်ရှောင်ပြီး သွားလာနေသည့်မော်တော်ယာဉ်များလည်း ရှိနေသည်ဟု သိရသည်။

    “ဆယ်ဘီးကားတစ်စီးမှာ ကုန်ပစ္စည်းတင်ခ ၁၂ သိန်းလောက်ရတယ်၊ ဂိတ်ကြေး၊ စက်သုံးဆီဖိုးတွေနှုတ်လိုက်ရင် မော်တော်ကား ဒရိုင်ဘာ၊ စပယ်ယာ၊ အုံနာကြေးအတွက် ငွေသုံးသိန်းလောက်ပဲကျန်တော့တယ်၊ ကားပြင်ဆင်စရိတ်တွေမပါဘူးနော်” ဟု ကိုအောင်နိုင်က ပြောသည်။

    ကုန်တင်ကားများအပြင် ခရီးသည်တင်ယာဉ်ဟိုင်းလတ်ထရပ်ကား ရ၀ စီးခန့် သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းတွင် လက်ရှိပြေးဆွဲနေကြောင်း ဘုရားသုံးဆူမထသမှ တာဝန်ရှိသူတစ်ဦး ပြောကြားချက်အရသိရသည်။

    သံဖြူဇရပ်-ဘုရားသုံးဆူမော်တော်ကားလမ်းပေါ်ရှိ လက်နက်ကိုင်ဂိတ်များမှာ အစိုးရစစ်တပ်၊ ရဲ၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်နှင့် အစိုးရနှင့်အပစ်ရပ်စဲထားသော ဒီကေဘီအေ၊ ကေအဲန်ယူ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ၊ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။

    ဘုရားသုံးဆူမြို့မှ သံဖြူဇရပ်အကြား ဝါးတားဂိတ်များ
    ၁။ဌာနဆိုင်ရာအဖွဲ့စုံစစ်ဆေးရေးဂိတ်(သုံးဆူအဝေးပြေးကားဝင်း)
    ၂။ ဒီကေဘီအေ (ရွာသစ်)
    ၃။ နယ်ခြားစောင့် (၁၀၂၃)
    ၄။ နဂါးမောက်တောင်ခြေအမြှောက်တပ်၊
    ၅။ နယ်မြေခံတပ်ရင်း၊
    ၆။ ပြည်သူ့စစ်အဖွဲ့
    ၇။ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU-KNLA/PC ဗျူဟာအဖွဲ့(မြို့အထွက်)
    ၈။ နယ်ခြားစောင့် (၁၀၂၁)
    ၉။ ငြိမ်းချမ်းရေးကောင်စီ (ဗိုလ်လက်ကိုင်အဖွဲ့)သရက်ပင်ဂိတ်။
    ၁၀။အစိုးရစစ်တပ်လှုပ်ရှားစစ်ကြောင်းတပ်ဖွဲ့(၁)
    ၁၁။အစိုးရစစ်တပ်လှုပ်ရှားစစ်ကြောင်းတပ်ဖွဲ့(၂)
    ၁၂။ နယ်ခြားစောင့် (၁၀၂၃)ချောင်းဆုံ
    ၁၃။ နယ်ခြားစောင့် (၁၀၂၁) ချောင်းဆုံ
    (ဘုရားသုံးဆူမြို့အဝင်ရှောင်လမ်း-ကရင်စုကွက်သစ်တွင် တပ်၊ ပြည်သူ့စစ်၊ ငြိမ်းချမ်းရေးကောင်စီ၊ နယ်ခြားစောင့် ၂ ဖွဲ့ ပါရှိသည်)
    ၁၄။ တားဒိန်(မွန်ပြည်သစ်)
    ၁၅။ မြိုင်သာယာ(ကေအင်ယူ)
    ၁၆။ တောင်စွန်း (အစိုးရတပ်)
    ၁၇။ အနန်းကွင်း(အစိုးရတပ်)
    ၁၈။ ရာဖော(ကေအင်ယူ)
    ၁၉။ ရွတ်ရှမ်း(ဒီကေဘီအေ)
    ၂၀။ ဇီးနှစ်ပင်(မွန်အဖွဲ့)
    ၂၁။ ရဲတံခွန်(နယ်ခြားစောင့် ၂ ဖွဲ့)
    ၂၂။ ရေးလမ်းခွဲသံဖြူဇရပ်အဝင်(အစိုးရစစ်တပ်တပ်)
    ၂၃။ အမြောက်တပ်
    ၂၄။ ၀ဲကလိ(တပ်)၊
    ၂၅။ သံဖြူဇရပ်မြို့အဝင်ဌာနပေါင်းစုံ စုပေါင်းဂိတ်။
    မှတ်ချက်။ ။ အချို့ဝါးတားဂိတ်တစ်ခုတွင် လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့အတူကောက်ခံနေသည်လည်းရှိသည်။ ။ (အယ်ဒီတာ)

    ဆက်စပ်သတင်း

    3 COMMENTS

    1. သေသေချာချာ…တွေးကြည့်မိတော့ဂိတ်မှူးရေ…မွေးရာပါအကြွေးကြီးကို…ပေးဆပ်နေရ တာက..တကယ်တမ်းလေ….(မောင်လော -သုံးဆူ)

    2. ဘုရားသုံးဆူ သံဖြူဇရပ် ကားသမားတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခ တွေကို အထက်လူကြီးများ သိရှိပြီး
      ဘယ်လိုကူညီ ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ရမယ်
      နောက်တခုက ဘုရားသုံးဆူမြို့မှာ ဝါးတားတဲ့အဖွဲ့အစည်းများပေမဲ့မြို့ပေါ်မှာ ပြန်ပေးကိစ္စ ခြိမ်းခြောက်ငွေတောင်းခြင်း ကိစ္စ မြို့တွင်းဝင်ရောက်လုပ်ကြံဖို့ကြိုးစားခြင်းကိစ္စ သူခိုးများညစဉ်သောင်းကျန်းနေခြင်းကိစ္စ တို့ကိုကျတော့ ဘာတခုမှ မြို့လူထုအတွက် ကာကွယ်စောင့်ရှောက်တာမျိုးလုံးဝမတွေ့ရပါ ဝါးတားဂိတ်ပိုင်ရှင်များ စားပြီးနားမလည်မလုပ်ကြပါနှင့်

    3. ဘုရားသုံးဆူ သံဖြူဇရပ် ကားသမားတွေ ရင်ဆိုင်နေရတဲ့ဒုက္ခ တွေကို အထက်လူကြီးတွေသိရှိပြီး ဘယ်လိုကူညီဖြေရှင်းပေးမလဲဆိုတာ စောင့်ကြည့်ရမယ်
      နောက်တခုက ဘုရားသုံးဆူမှာ ဝါးတားအဖွဲ့အစည်းများလာပေမဲ့မြို့ပေါ်မှာပြန်ပေးကိစ္စ ခြိမ်းခြောက်ငွေတောင်းခြင်းကိစ္စ မြို့တွင်းဝင်ရောက်လုပ်ကြံခြင်းကိစ္စ သူခိုးများညစဉ်သောင်းကျန်းနေခြင်းကိစ္စ တွေကိုကျတော့ မြို့လူထုကိုစောင့်ရှောက်ကာကွယ်တာမျိုးလုံးဝမတွေ့ရပါ ဝါးတားဂိတ်ပိုင်ရှင်များ စားပြီးနားမလည်မလုပ်ကြရင်ကောင်းမယ်

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks