Friday, March 13, 2026
More
    spot_img
    Homeသတင်းမွန်လက်နက်ကိုင်နိုင်ဗင်းအဖွဲ့ မြန်မာစစ်တပ်ထံလက်နက်ချ

    မွန်လက်နက်ကိုင်နိုင်ဗင်းအဖွဲ့ မြန်မာစစ်တပ်ထံလက်နက်ချ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – အင်အား ၂၅ ဝန်းကျင်ရှိ မွန်လက်နက်ကိုင်နိုင်ဗင်းအဖွဲ့ ယခုရက်ပိုင်းတွင် ရေးမြို့နယ်တောင်ပိုင်း၊ ခေါ်ဇာမြို့နယ်ခွဲအခြေစိုက် ခလရ(၃၁)တပ်ရင်းတွင် ဝင်ရောက်လက်နက်ချလိုက်ကြောင်း ကြားဝင်စေ့စပ်ပေးနေသူ ရေးမြို့အနီးရှိ ကိုရင်လေး​ကျောင်းဒါယကာတစ်ဦးထံမှ သိရသည်။

    ယမန်နေ့(မတ်လ-၅) တွင် နိုင်ဗင်းတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် မှီခိုသူမိသားစုဝင် ၁၆ ဦး၊ မတ်လ ၃ ရက်နေ့တွင်တပ်ဖွဲ့ဝင် ၆ ဦး၊ ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့တွင်တပ်ဖွဲ့ဝင် ၈ ဦးတို့နှင့်အတူလက်နက်မျိုးစုံ ၂၁ လက်ပါဝင်သည်ဟု သိရသည်။

    “သူတို့အင်အား ၃၀ လောက်ရှိတယ်လို့ အစိုးရတပ်ကိုစာရင်းပေးထားတယ်ဆိုပဲ၊” ဟု မွန်ပြည်သစ်ပါတီမှ ဗဟိုစစ်ကော်မတီဝင်တစ်ဦးက အတည်ပြုပြောကြားသည်။

    ၄င်းလက်နက်ချခဲ့ရာတွင် RBG တစ်လက်၊ M-16 ၂ လက်၊ AK-47 ၆ လက်၊ A2 ၂ လက်၊ ကာဘိုင် ၁ လက်နှင့် ကျန်လက်နက်များမှာ ပစ္စတိုများဖြစ်သည်ဟု ၄င်းဖြစ်စဉ်ကိုလေ့လာနေသူ ရေးမြို့သားတစ်ဦးက ပြောသည်။

    “နိုင်ဗင်းတို့အဖွဲ့ မော်လမြိုင် အရှေ့တောင်တိုင်းကို ဒီနေ့ရောက်သွားပါပြီ၊ မကြာခင်ရက်ပိုင်းမှာ လက်နက်ချပွဲအခမ်းအနားလုပ်မယ်လို့ ထင်တာပဲ” ဟု ၄င်းကဆိုသည်။

    နိုင်ဗင်းအနေဖြင့် ယင်းကဲ့သို့လက်နက်မအပ်နှံမီ မြန်မာစစ်တပ်အရာရှိတချို့နှင့် သဘောတူညီမှုများရယူပြီး တပ်ဖွဲ့ဝင်တို့၏မိသားစုရပ်တည်ရေးအတွက်တောင်းဆိုမှုများ ရှိခဲ့သည်။

    “ခေါဇာအနီးက ရွှေဟင်္သာရွာမှာ သူတို့တပ်ဖွဲ့ဝင်တွေနေထိုင်ဖို့အတွက် တိုက်ပုပုံစံအိမ်တွေဆောက်ပေးမယ်၊ စိုက်ပျိုးရေးအတွက်မြေကွက်တွေချပေးမယ်လို့ သိရတယ်၊ အိမ်ဆောက်ဖို့ကုန်ကျငွေကိုတော့ တိုက်နယ်တစ်ခုစီမှာ အိမ်သုံးလုံးစာ တာဝန်ယူပေးရမယ်လို့ သတင်းတွေထွက်ပေါ်နေတယ်” ဟု အထက်ပါရေးမြို့သားက ပြောသည်။

    သို့ရာတွင် ၄င်းအိမ်ဆောက်မည့်ငွေကြေးကိစ္စရပ်များနှင့်ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ။

    မွန်ပြည်သစ်ပါတီ ၁၉၉၅ အပစ်ရပ်စဲခဲ့ပြီးနောက် ရေးမြို့နယ်တောင်ပိုင်းနှင့် ရေဖြူမြို့နယ်တို့တွင် အစိုးရစစ်တပ်၏ လယ်ယာခြံမြေသိမ်းပိုက်မှုနှင့် ဖိနှိပ်မှုဒဏ်များမခံမရပ်ဖြစ်ခဲ့ကြရပြီး ဒေသခံများက လက်နက်များစုဆောင်းကာ အစိုးရတပ်ဖွဲ့ဝင်တို့ကို ခုခံတိုက်ခိုက်ခဲ့သည်။

    ၁၉၉၅ ခုနှစ်အပစ်ရပ်စဲမှုသဘောတူညီချက်အရ ရေးမြို့နယ်နှင့် ရေဖြူမြို့နယ်များအတွင်း အထူးသဖြင့် ရေး-ထားဝယ်ကားလမ်းအနောက်ခြမ်းတွင် မွန်ပြည်သစ်ပါတီတပ်ဖွဲ့များ ဝင်ရောက်လှုပ်ရှားခွင့် မရှိခဲ့ပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks