Saturday, March 14, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီတပ်တည်ခွင့်နေရာပိုမိုရရှိလာ

    မွန်ပြည်သစ်ပါတီတပ်တည်ခွင့်နေရာပိုမိုရရှိလာ

    -

    ခတ္တာနွန် – မွန်ပြည်နယ်နှင့်ဆက်စပ်ရာနယ်မြေများတွင် ဒေသတည်ငြိမ်းအေးချမ်းရေးနှင့် လုံခြုံရေးအတွက် မြန်မာအစိုးရယခင် ၁၉၉၅ ခုနှစ်အပစ်ရပ်သဘောတူညီချက်ပါ တပ်တည်နေရာများအပြင် နောက်ထပ် ၁၄ နေရာတိုးချဲ့ခွင့်တောင်းဆိုခဲ့သည့်အနက် ၁၀ နေရာကိုသဘောတူညီမှု ရရှိခဲ့ပြီးဖြစ်သည်။

    ယခင်ရှိရင်းစွဲအမြဲတမ်းတပ်တည်ခွင့် ၁၃ နေရာအပြင် ထပ်မံ၍ရေးမြို့နယ်တွင် ၃ နေရာ၊ သံဖြူဇရပ်မြို့နယ်တွင် ၂ နေရာ၊ မုဒုံမြို့နယ်တွင် ၂ နေရာ၊ ကျိုက်မရောမြို့နယ်တွင် ၂ နေရာ၊ ကရင်ပြည်နယ်တွင် ၂ နေရာနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် ၃ နေရာဟူ၍ ၁၄ နေရာတောင်းဆိုခဲ့ရာ ကျန် ၄ နေရာအတွက် ဆက်လက်ဆွေးနွေးသွားဦးမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူတဦးက ပြောသည်။

     မြန်မာအစိုးရနှင့်မွန်ပြည်သစ်ပါတီ နှစ်ဖက်အပစ်ရပ်သဘောတူညီကြပြီးအမှတ်တရဓါတ်ပုံရိုက်ကူးထားပုံ(Photo-facebook)
    မြန်မာအစိုးရနှင့်မွန်ပြည်သစ်ပါတီ နှစ်ဖက်အပစ်ရပ်သဘောတူညီကြပြီးအမှတ်တရဓါတ်ပုံရိုက်ကူးထားပုံ(Photo-facebook)
    “ဒီ ကျနော်တို့ တင်ထားတဲ့ ၁၄ နေရာအထဲမှာမှာ မွန်ပြည်နယ်မဟုတ်တဲ့နယ်မြေအချို့နဲ့ မော်လမြိုင်-ရေးကားလမ်းအနောက်ခြမ်းဒေသ စုစုပေါင်း ၄ နေရာအတွက်ဆက်ပြီးဆွေးနွေးရဦးမယ်၊ အဲဒီနေရာတွေမှာ အစိုးရစီမံကိန်းတွေလည်းရှိနေတယ်၊ အဲဒါကြောင့် လက်နက်ကိုင်တပ်ဖွဲ့တွေထားမယ့်အစား တပ်ပိုင်းနဲ့မသက်ဆိုင်တဲ့ပါတီရုံးတွေထားဖို့အတွက် ပြောလာပါတယ်” ဟု၎င်းကဆက်ပြောသည်။

    ၄င်းတပ်တည်နေရာသစ်များနှင့် ဆက်ဆံရေးရုံးများအတွက် မွန်ပြည်သစ်ပါတီမှ ယခုလ ၁၅ ရက်နေ့ ဗဟိုကော်မတီပုံမှန်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးသွားမည်ဟု သိရသည်။

    မွန်ပြည်သစ်ပါတီအနေနှင့် ရပ်ရွာအေးချမ်းတည်ငြိမ်ရေးအတွက် ရည်ရွယ်ထားကြောင်း၊ ယခင် ၁၉၉၅-၂၀၁၀ အပစ်ရပ်စဲသည့်ကာလများတွင် မွန်ပြည်သစ်တပ်ဖွဲ့များ ဝင်ရောင်ခွင့်မရှိသောအချို့ဒေသများတွင် ခွဲထွက်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များ၏ ငွေတောင်းခံမှု၊ သတ်ဖြတ်မှုနှင့် မြန်မာအစိုးရတပ်ဖွဲ့တို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
    အထူးသဖြင့် မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးနယ်နိမိတ်စပ်ကြားဒေသများတွင် မွန်ခွဲထွက်အဖွဲ့များလှုပ်ရှားခဲ့သဖြင့် ရေးမြို့နယ်တောင်ပိုင်းနှင့် ရေဖြူမြို့နယ်တဝိုက်၌ နယ်မြေအေးချမ်းမှု ပျက်ပြားခဲ့သည်။

    “ကျနော်တို့တပ်ဖွဲ့တွေ ဝင်ပြီးအခြေချနိုင်မယ်ဆိုရင် ဒေသလုံခြုံရေးအတွက် အထူးတာဝန်တရပ်အနေနဲ့ ယူပေးမယ်၊ ဖွံ့ဖြိုးရေးအစီအစဉ်တွေကိုလည်း စဉ်းစားပေးနိုင်မယ်၊ ကျနော်တို့ မွန်ပြည်သူတွေကလယ်ယာခြံတွေကို အဓိကလုပ်ဆောင်နေတဲ့အတွက် ဒီအလုပ်နဲ့ ပတ်သက်တဲ့ ဖွံ့ဖြိုးရေးတွေရယ်၊ နောက်လမ်းတံတားမရှိသေးတဲ့နေရာတွေကို ဖောက်လုပ်သွားဖို့ကိုလည်း ဆောင်ရွက်နိုင်ပါလိမ့်မယ်” အထက်ပါမွန်ပြည်သစ်ပါတီတာဝန်ရှိသူက ဆက်ပြောသည်။

    မွန်ပြည်သစ်ပါတီ စစ်ရေးအကြံပေး-ဗိုလ်မှူးကြီးဟောင်း နိုင်ကောင်းရွတ်က “ မွန်ပြည်သစ်တပ်ဖွဲ့တွေအနေနဲ့ ပေါက်ပင်ကွင်းတို့ ၊ မန်ကျည်းတို့လိုရွာမျိုးတွေမှာ တပ်တည်ခွင့်ရမယ်ဆိုရင် အနီးအနားတဝိုက်က ခွဲထွက်အဖွဲ့တွေကို ကာကွယ်လို့ရနိုင်မယ်၊ သံဖြူဇရပ်-သုံးဆူလမ်းက ဆီးနှစ်ပင်တို့ ဘက်မှာဆိုရင်လည်း ဓါးမြတွေရဲ့ အန္တရာယ်တွေကို ကာကွယ်ပေးနိုင်လိမ့်မယ်” ပြောသည်။

    အကယ်၍ နိုင်ငံရေးအရဆွေးနွေးပွဲများအောင်မြင်သွားမည်ဆိုလျှင် ယခုတပ်တည်သည့်အခြေအနေများသည် ယာယီအခြေအနေသာဖြစ်နိုင်ကြောင်း၊ ယခုဒုတိယအကြိမ် အပစ်ရပ်စဲရေး သဘောတူညီချက်များသည် ဗိုလ်ချုပ်ခင်ညွန့်လက်ထက်(၁၉၉၅) ခုနှစ်ထက် ပိုမိုကောင်းမွန်ကြောင်း နိုင်ကောင်းရွတ်က သုံးသပ်သည်။
    မွန်ပြည်သစ်ပါတီသည် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်၄င်း၊ မြန်မာအစိုးရပြည်ထောင်စုအဆင့် ငြိမ်ချမ်းရေးဖေါ်ဆောင်မှုအဖွဲ္မ့နှင့်၄င်း ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂၅ ရက်နေ့တွင် အပစ်ရပ်လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks