spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းလူကြီးခရီးစဉ်ရှိသဖြင့် ဘုရားသုံးဆူမြို့ လောင်းကစားဝိုင်းများ ပိတ်ခိုင်း

    လူကြီးခရီးစဉ်ရှိသဖြင့် ဘုရားသုံးဆူမြို့ လောင်းကစားဝိုင်းများ ပိတ်ခိုင်း

    -

    မင်းသုတ – ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ လူကြီးခရီးစဉ်ရှိသည်ဟုဆိုကာ မြို့ပေါ်တွင် ဖွင့်လှစ်ထားသည့်လောင်းကစားဝိုင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့် ယနေ့မှစ၍ ပိတ်ခိုင်းလိုက်သည်။

    ဘုရားသုံးဆူမြို့ပေါ်တွင် ပန်းသီးပုံး၊ အနီထောင်၊ အင်ဂလုံ၊ နေ့စဉ်ချဲနှစ်လုံးတိုက်၊ ချဲကြီး၊ ကြက်ပွဲ၊ ဖဲအမျိုးမျိုး ပိုကာ၊ အုန်းသီးခွဲနှင့် ဒိုးဇက် အစရှိသည့် လောင်းကစားဝိုင်းများ မြို့အနှံဖွင့်လှစ်ထားသည်ကို ပိတ်ခိုင်းထားလိုက်သည်။

    “ကစားဝိုင်းအားလုံးကို ပိတ်ထားခိုင်းတယ်၊ အထူးသဖြင့် ပန်းသီးပုံး (ဒေသအခေါ်) လျှပ်စစ်လောင်းကစားစက်ခလုပ်ခုံတွေကို အိမ်ရှေ့မျက်နှာစာ လူမြင်ကွင်းနေရာကနေ ဖယ်ရှားထားခိုင်းတယ်” ဟု ဘုရားသုံးဆူမြို့ခံ ကိုမောင်လောက ပြောသည်။

    အထက်ပါလောင်းကစားဝိုင်းများကို ဘုရားသုံးဆူမြို့ပေါ်၌ ထင်ထင်ပေါ်ပေါ် လောင်းကစားနေကြခြင်းဖြစ်ပြီး လက်ရှိတွင် ပန်းသီးပုံးလောင်းကစားစက် အလုံး ၄၀၀ ဝန်းကျင်ရှိနေပြီးဖြစ်ကြောင်း သိရသည်။

    ကိုမောင်လောက “ဘုရားသုံးဆူမှာက သစ်လုပ်ငန်းအခြေအနေမကောင်းတော့ဘူးလေ၊ ရာဘမြင်းဆေးဂိုဏ်းတွေ၊ တဖက်နိုင်ငံ လူကုန်ပို့တဲ့အလုပ်တွေ၊ လောင်းကစားဝိုင်းတွေ၊ ဒီကြား သူခိုးတွေလည်းရှိ၊ ပြန်ပေးက သောင်းကျန်းနဲ့ လူတွေက ကျီးလန့်စာစားဘဝပဲ”

    ဘုရားသုံးဆူမြို့သို့ ယခုလ ၁၈ ရက်နေ့နှင့် ၂၅ ရက်နေ့ကြား ကရင်ပြည်နယ်ဝန်ကြီးချုပ် လာရောက်ရန်ရှိနေခြင်းကြောင့် မြို့ပေါ်အနှံ့ ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ညွှန်ကြားချက်ဖြင့် ရပ်ကွက်ဥက္ကဋ္ဌတို့က ကစားဝိုင်းများကို ပိတ်ခိုင်းလိုက်သည်။

    “ဒီတပတ်အတွင်း လူကြီးခရီးစဉ်ရှိတယ်လို့ပြောတာပဲ၊ မြို့တော်ခန်းမတို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့ကို ပြန်လည်မွမ်းမံနေတယ်၊ လမ်းပေါက်တွေကိုလည်း ဖါထေးနေတယ်” ဟု အမည်မဖေါ်လိုသည့် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးဝန်ထမ်းတဦးက ပြောသည်။

    လက်ရှိတွင် ဘုရားသုံးဆူမြို့ပေါ်၌ ခမရ (၂၈၃) တပ်ရင်းနှင့်အတူ ပြည်သူ့စစ်၊ ရဲတပ်ဖွဲ့တို့လုံခြုံရေးယူထားကြပြီး၊ ကရင်အမျိုးသား အစည်းအရုံး၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်၊ ကရင်ငြိမ်းချမ်းရေးကောင်စီနှင့် မွန်ပြည်သစ်ပါတီတို့ လှုပ်ရှားရာ ဒေသဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks