spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းလယ်ဧက ၅၀ ထပ်သိမ်းခံရကြောင်း လယ်သမားများ သမ္မတထံ တိုင်ကြားစာပို့

    လယ်ဧက ၅၀ ထပ်သိမ်းခံရကြောင်း လယ်သမားများ သမ္မတထံ တိုင်ကြားစာပို့

    -

    ဂျူရီချိုင်း – မွန်ပြည်နယ် ကျိုက်မရောမြို့နယ် နှီးတုံကျးရွာတွင် ဇေကမ္ဘာကုမ္ပဏီက ဘိလပ်မြေစက်ရုံ ဆောက်လုပ်ရေး စီမံကိန်းအတွက် မြေဧက ၅၀ ခန့် ထပ်မံသိမ်းသည့်ကိစ္စကို လယ်သမားများ ကန့်ကွက်ပြီး သမ္မတထံ ယခင်အပတ်က စာပို့တိုင်ကြားခဲ့သည်။

    ယင်းမြေများကိုသိမ်းဆည်းပြီး တာတမံလမ်း ဖောက်လုပ်ပါက တူးဖော်ထားသည့်မြေနေရာများတွင် ရေများဝင်ရောက်လာမည် ဖြစ်သည်ဟု နှီးတုံရွာမှ လယ်ပိုင်ရှင်တဦးက ပြောသည် ၎င်းက “ပင်လယ်ကြီးဖြစ်သွားမယ်။ စပါးစိုက်ဖို့လည်းမရတော့ စားဝတ်နေရေးအတွက်လည်း ခက်ခဲမယ်၊ ကျနော်တို့ရွာလည်း ရေထဲမြုပ် သွားနိုင်တယ်” ဟု ပြောသည်။

    ယခင်လက ယင်းမြေ ဧက ၅၀ ကိုပိုင်ဆိုင်သည့် လယ်သမား ၁၃ ဦးထဲမှ ၁၀ ဦးက မြေသိမ်းခံမှုနှင့်ပတ်သက်ပြီး ကျေးရွာဥက္ကဌထံ တိုင်ကြားခဲ့သော်လည်း တာဝန်ယူပေးခြင်း မရှိသည့်အတွက် ယခုကဲ့သို့ သမ္မတထံ စာတင်ပို့ခဲ့ခြင်းဖြစ်သည်။

    ဇေကမ္ဘာကုမ္ပဏီက ယင်းသိမ်းဆည်းထားသည့် လယ်မြေများကို တစ်ဧကလျှင် သုံးသိန်းခွဲနှုန်းဖြင့် လျော်ကြေးပေးသော်လည်း လယ်ပိုင်ရှင်များက လက်ခံခြင်းမရှိခဲ့ဟု လယ်သိမ်းခံရသည့် လယ်ပိုင်ရှင်များက ပြောသည်။

    နှီးတုံရွာမှ လယ်ပိုင်ရှင်က “လျော်ကြေးလည်းမယူဘူး။ ဒီမြေတွေကိုလည်း ကျနော်တို့ လုံးဝအသိမ်းမခံနိုင်ဘူး။ ဒါကြောင့် ဒီမြေသိမ်းမယ့်ကိစ္စကို ကျနော်တို့လုံးဝ ကန့်ကွက်တယ်” မွန်ပြည်နယ် ကျိုက်မရောမြို့နယ် နှီးတုံရွာတွင် ဇေကမ္ဘာကုမ္ပဏီက ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် လယ်မြေ (၃၉၀) ဧကကို ၂၀၁၀ ခုနှစ်တွင် သိမ်းဆည်းခဲ့သည်။

    ယင်း လယ်မြေ အသိမ်းခံရသည့် လယ်ပိုင်ရှင်များက နေပြည်တော်သို့ တိုင်တန်းမှုကြောင့် ဒီဇင်ဘာလ (၃) ရက်နေ့တွင် ဇေကမ္ဘာကုမ္ပဏီက လယ်တဧကကို ကျပ်ငွေ သုံးသိန်းခွဲနှုန်း လျော်ကြေးပေးခဲ့ရာ လယ်သမား ၉၃ ဦးအနက် ၆၉ ဦးက လျော်ကြေးငွေ လက်ခံရရှိခဲ့သည်။

    တချို့လယ်မြေများအတွက်ကိုမူ တဧကလျှင် ကျပ်ငွေ ငါးသောင်းမှ တစ်သောင်းခွဲအထိသာ ပေးလျော် ခဲ့သည်။
    နှီးတုံတောင်တွင် တည်ဆောက်မည့် ဇေကမ္ဘာကုမ္ပဏီ၏ အမေရိကန်ဒေါ်လာ သန်း (၂၂၀) ကုန်ကျသည့် ဘိလပ်မြေစက်ရုံစီမံကိန်းသည် သုံးနှစ်စီမံကိန်းဖြစ်ပြီး ယခုလက်ရှိတွင် စက်ရုံအတွက် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နေပြီးဖြစ်သည်။

    ဘိလပ်မြေစက်ရုံ တည်ဆောက်လုပ်ကိုင်ခွင့် ရရှိထားသည့် ပုဂ္ဂလိက ကုမ္ပဏီများမှာ မက်စ်မြန်မာ၊ ထူး၊ ကမ္ဘောဇ၊ ရွှေတောင်၊ G-4၊ အေးရှားဝါးလ်၊ အိုင်ဂျီအီး၊ ယုဇန၊ ဂျွန်၊ ဆန်လင်းအင်တာနေရှင်နယ်၊ Jade land ၊ မြန်မာကောင်းတုံ၊ မြန်မာ နိုင်၊ YEG၊ ရှမ်းရိုးမ အင်မိုင်း၊ မင်းအနော်ရထာ၊ ငွေရည်ပုလဲ၊ ထွန်းသွင် မိုင်းနင်း၊ သံတော်မြတ်၊ အေပီစီလင့်ခ် စသည့် ပုဂ္ဂလိက ကုမ္ပဏီများဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံတွင် လည်ပတ်နေသော ဘိလပ်မြေစက်ရုံပေါင်း ၁၄ ရုံ ရှိသည်ဟု ယမန်နှစ် သြဂုတ်လ ၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts